အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဦးစီးဌာနများ၊ တက္ကသိုလ်များမှညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ဌာနတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေး ဦးတည်ချက်အတိုင်း ပြည်သူအားလုံး ကိုယ်လက်ခန္ဓာကျန်းမာဖွံ့ဖြိုးရန်အတွက် မြန်မာ့အားကစားကဏ္ဍ အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းပေါင်းစုံနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ အသင်းအဖွဲ့လိုက် ကစားရသည့် ကစားနည်းဖြစ်သောကြောင့် စည်းလုံးညီညွတ်စွာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်စိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်များဖြင့် ပူးပေါင်းကစားမှသာ အောင်မြင်မည့် ရလဒ်ကို လက်တွေ့ခံစားရရှိကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခချုပ်က ဒိုင်အဖွဲ့အတွက် အမှတ်တရလက်ဆောင်များကိုလည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပါမောက္ခချုပ်က အကောင်းဆုံး အားကစားသမားဆုကိုလည်းကောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယဆုရအသင်းကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒုတိယဆုရအသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ပထမဆုရ စက်မှုလယ်ယာဦးစီးဌာနအသင်းကိုလည်းကောင်း တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ပထမဒိုင်းဆုများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။