အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တောင်သူများနှင့်တွေ့ဆုံပြီး စက်ကိရိယာများ အသုံးပြု၍ဆောင်းသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံစုံအကန့်လိုက် စိုက်ပျိုးနည်းစနစ်များ ရှင်းလင်းဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု၌ တောင်သူများ နှင့် တွေ့ဆုံပြီး စက်ကိရိယာများအသုံးပြု၍ ဆောင်းသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံစုံအကန့်လိုက်စိုက်ပျိုး နည်းစနစ်များကို ရှင်းလင်းဆွေးနွေးသည်။

သီးနှံမျိုးစုံထွက်ရှိနိုင်

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြေကွက်တစ်ကွက်ထဲတွင် သီးနှံဇီဝမျိုးကွဲစုံလင်စွာ စိုက်ပျိုးနိုင်ခြင်းကြောင့် တစ်ကွက်ထဲမှ သီးနှံမျိုးစုံထွက်ရှိနိုင်ပြီး သီးနှံတွဲဖက်မှု မှန်ကန်ပါက သီးနှံတစ်မျိုးချင်း အထွက်တိုးစေနိုင်ကြောင်း သုတေသနပြုတွေ့ရှိထားပြီး ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုကြောင့် သီးနှံအလုံးစုံ ဆုံးရှုံးမှုအန္တရာယ်မှ ရှောင်လွှဲနိုင်ကြောင်း၊ ထို့ပြင် သီးနှံတစ်မျိုး၏ စျေးကွက်မတည်ငြိမ်မှုဆိုးကျိုးကို အခြားသီးနှံများ စျေးကွက်ဖြင့် ထိန်းညှိလျှော့ချနိုင်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံတကာတွင်ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြပြီဖြစ်ကြောင်း။

စပါးအခြေခံ သီးနှံပုံစံတွင် စပါးအပြီး ဆီထွက်သီးနှံများ၊ စပါးအပြီး ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်းသီးနှံပုံစံများကို လယ်သမားများပါဝင်သော သုတေသနလုပ်ငန်းများ လုပ်ကိုင်ကြစေရန်နှင့် စပါးအပြီးယာသီးနှံများ စိုက်ပျိုးရာတွင် ဖြည့်စွက်ရေတစ်ကြိမ်မှနှစ်ကြိမ် လိုအပ်သလိုပေးသွင်းပါက ထည့်သွင်းပေးခဲ့သည့် သွင်းအားစုများကို အပင်က ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်စားသုံးနိုင်ခြင်းကြောင့် သီးနှံအထွက်နှုန်းကို တိုးတက်မြင့်မားစေနိုင်ကြောင်း၊ ရေသွင်းရာတွင်လည်း မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ရှေးပဝေ သဏီကပင် ကျင့်သုံးလျက်ရှိသော ပေါင်ကြီးတင်စနစ်များကို စမ်းသပ်ကြည့်ရန်လိုကြောင်း၊ ယင်းစနစ်၏ အားသာချက်မှာ ရေလိုအပ်လျှင် ရေကိုသီးနှံမထိခိုက် အောင်သုံးနိုင်ခြင်း၊ အချိန်အခါမဟုတ် မိုးကြီးလျှင်လည်း ရေထုတ်ရလွယ်ကူစေခြင်းတို့ ဖြစ်သည့်အတွက် မျှော်မှန်းထားသည့် အယ်လ်နီညိုဖြစ်စဉ်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်မည့် စနစ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တောင်သူများက ၎င်းတို့၏ အတွေ့အကြုံများကိုအခြေခံ၍ သုတေသနဆက်လက် ဆောင်ရွက်ပေးရန် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တောင်သူများသည် ရေသွင်း၊ ရေထုတ်စနစ် မှန်ကန်စေရန်အတွက် ပေါင်ကျယ်စနစ်ဖြင့် စိုက်ပျိုးနိုင်သော မျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးခြင်းကိုလည်းကောင်း၊ သီးနှံအလိုက် သတ်မှတ်ထားသော မျိုးစေ့နှုန်းထား၊ မြေသြဇာနှုန်းထားနှင့် အပင်ပြုစုစောင့်ရှောက်မှုကို ချမှတ်ထားသော သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးခြင်းကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ စိုက်ပျိုးရေးအတတ်ပညာ သင်တန်းများတွင် သင်ကြားမည့် ဘာသာရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။