အဓိကအကြောင်းအရာသို့ သွားမည်
x

ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်

နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် တောင်သူများ ကိုယ်တိုင်ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ခိုင်ဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

တောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ၂၀၂၂ နွေစပါးရာသီတွင် ကျော်ဇေယျနှင့် ရတနာတိုးမျိုးကိုလည်းကောင်း၊ ပြည့်ဝနှင့် ရွှေအာဆီယံမျိုးတို့ကိုလည်းကောင်း မျိုးကူးစပ်ပြီး ရလာသည့် သားဆက်လိုင်းများကို ၂၀၂၂ မိုးစပါးရာသီတွင် မျိုးပြန်စပ်၍ ၂၀၂၃ နွေစပါးရာသီတွင် ပြန်လည်စိုက်ပျိုးကာ ယခု ၂၀၂၃ မိုးစပါးရာသီတွင် စိုက်ပျိုးရွေးချယ်ခြင်း ဖြစ်ကြောင်း၊ စပ်မျိုးတွဲ (၃) တွဲ၏ ဗီဇကွဲများမှ သက်တမ်းရက် ၁၁၀ ရှိ မျိုးစပါး သားဆက်လိုင်းများကို မျိုးအဖြစ် ပထမအကြိမ်တွင် သိမ်းယူခဲ့ပြီး ယခုအကြိမ်တွင် သက်တမ်း ၁၂၀ ရှိ မျိုးကွဲများကို ရွေးယူခြင်းဖြစ်ကြောင်း၊ ရွေးချယ်ပြီး သားဆက်လိုင်းများကို လာမည့် ၂၀၂၄ နွေစပါး ရာသီတွင် ဆက်လက်စိုက်ပျိုး ရွေးချယ်ရမည်ဖြစ်ကြောင်းနှင့် မျိုးရွေးချယ်ရာတွင် တောင်သူများနှင့်အတူ ပူးပေါင်း၍ မျိုးရွေးချယ်ကြရန်နှင့် ရွေးချယ်ပြီးသည့်မျိုးများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စမ်းသပ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ ပူးပေါင်းမျိုးမွေးမြူခြင်း (Farmer Participatory Breeding) ကို ရေရှည်တည်တံ့စွာ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ဌာနစုတစ်စု စနစ်တကျဖွဲ့စည်း၍ ဆောင်ရွက်ရန်လိုကြောင်း ပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများသည် မျိုးစပါးသားဆက်လိုင်းများကို ကွင်းဆင်းရွေးချယ်ကြရာ ဒုတိယဝန်ကြီးက မျိုးစပါး သားဆက်လိုင်းများ၏ ဝိသေသလက္ခဏာနှင့် မျိုးရွေးချယ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသေးစိတ်ရှင်းလင်းပြသပြီး တောင်သူများနှင့်အတူ မျိုးစပါးသားဆက်လိုင်းများ ရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။