အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီနယ်မြေအတွင်း သီးထပ်တိုးမြှင့် စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေးကြိုးပမ်း

နေပြည်တော် ဒီဇင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တပ်ကုန်း-ရွှေမြို့ မွေးမြူရေးဇုန်၌ဆောင်ရွက်လျက်ရှိသည့် မြေသားရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက မွေးမြူရေးနှင့်ပတ်သက်၍ ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများကအလျား ပေ ၃၃၀ ၊ အမြင့် ၃၆ ပေ မြေသားရေလှောင်ကန် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မွေးမြူရေးဇုန်အတွင်း တိရစ္ဆာန်များ၏ ရေလိုအပ်ချက်နှင့် အခြားရေလိုအပ်ချက်ကို တွက်ချက်ပြီးအသုံးပြုမည့် ရေပမာဏပေါ်အခြေခံ၍ ရေအသုံးပြုမှုဖူလုံစေရေး စီမံဆောင်ရွက်ရန်၊ ရေပေးဝေမည့်နေရာကို ရွေးချယ်၍ ရေပိုက်လိုင်းဆွဲခြင်းနှင့် ရေတင်စနစ်ဖြင့် ပေးဝေခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်အစာအတွက် စီမံဆောင် ရန်ထားရှိမှုအခြေအနေများ၊ အပူပိုင်းဇုန်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့်မွေးမြူထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြေသားတမံတည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ရေသိုလှောင်ထားရှိမှု၊ မွေးမြူရေးဇုန်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တည်ဆောက် လျက်ရှိသော ဥစားဘဲ၊ အသားစားဘဲရုံ အ‌ဆောက်အအုံနှင့် ဥဖောက်စက်အဆောက်အအုံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ရှောက်ကုန်း ကျေးရွာအုပ်စုတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ဆိုလာစနစ်စက် ရေတွင်း အမှတ်(၈) မြေအောက်ရေဖြင့် တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးရေ‌‌‌ပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတပ်ကုန်းမြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း သီးထပ်တိုးမြှင့် စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် တောင်သူအစုအဖွဲ့များ၊ ရေအသုံးချသူများ အဖွဲ့(WUG)နှင့် ဌာနဆိုင်ရာများ ပေါင်းစပ်၍ဒေသ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။