အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်သေချောင်း လျှပ်စစ်ရေတင်သောက် တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုရေလွှဲဆည် ထိန်းသိမ်းထားရှိမှုနှင့် စက်စက်ယိုချောင်းတစ်လျှောက် ရေကိုထပ်မံထိန်းသိမ်းသိုလှောင်နိုင်ရေး စီမံဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ရာဇဌာနီလမ်းဘေး စက်စက်ယိုချောင်းပေါ်ရှိ ရေထိန်းရေမြှင့် အဆောက်အအုံနှင့် ရေတံခါးများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာခေတ်မီစံပြကျေးရွာရှိ အေးချမ်းသာယာခန်းမတွင် ဆင်သေချောင်း လျှပ်စစ်ရေတင်သောက်တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံအလိုက် ရေလိုအပ်ချက် အပြည့်အဝပေးဝေနိုင်ရေး၊ ဆောင်းသီးနှံရာသီချိန်အမီ ရနိုင်သမျှ ရေအရင်းအမြစ်များမှ ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် ဆောင်းသီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ယာယီရေထိန်းဆည်နှင့် ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်း၊ ရေသွင်းမြောင်းများကို ဒေသနေတောင်သူများက ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ မိမိတို့ရပ်ရွာတိုးတက်ရေးအတွက် တောင်သူအစုအဖွဲ့များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ သီးနှံစိုက်ပျိုးချိန် တူညီရေး၊ စိုက်ပျိုးရေရယူချိန် တူညီစေရေး စသည့် အခြေခံကောင်းများ ဖော်ဆောင်နိုင်ရေး ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆင်သေချောင်း လျှပ်စစ်ရေတင်လုပ်ငန်း၊ ရေငြိမ်ကန်နှင့် စိုက်ခင်းများအတွင်း ရေပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။