အဓိကအကြောင်းအရာသို့ သွားမည်
x

သတ္တမအကြိမ် တိရစ္ဆာန်ဆေးပညာကောင်စီ ရွေးချယ်တင်မြောက်ခြင်းနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း (၁၅) ကြိမ်မြောက် ရွေးချယ်တင်မြှောက်ရေး ညှိနှိုင်းစည်းဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၏ သတ္တမအကြိမ် တိရစ္ဆာန် ဆေးပညာကောင်စီ ရွေးချယ် တင်မြှောက်ရေးနှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း (၁၅) ကြိမ်မြောက် ရွေးချယ်တင်မြှောက်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ပါမောက္ခဌာနမှူးများ၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီ ဥက္ကဋ္ဌ၊ တိရစ္ဆာန်ဆေး ကုဆရာဝန်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေး

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီနှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းတို့သည် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း၊ တိရစ္ဆာန်ဆေးပညာသင်ကြားရေး စနစ်ကို ခေတ်မီနည်းပညာများဖြင့် စဉ်ဆက်မပြတ် မြှင့်တင်သင်ကြား ပေးနိုင်ရေးနှင့်မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် တိရစ္ဆာန် ဆေးပညာဆိုင်ရာ အတတ်ပညာအရပ်ရပ်ကို အသုံးချ လုပ်ကိုင်သူတို့အား ယင်းတို့နှင့် သက်ဆိုင်သောကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာကျင့်သုံးကြစေရေး ဝိုင်းဝန်းထိန်းကျောင်းကြရန်နှင့် တိရစ္ဆာန်ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးကျရာကဏ္ဍမှ ပူးပေါင်းကြိုးပမ်းကြရန် ဆွေးနွေးပြော ကြားသည်။

အမှာစကားပြောကြား

ထို့နောက် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ဥက္ကဋ္ဌက တတိယအကြိမ်တိရစ္ဆာန် ဆေးပညာကောင်စီ ရွေးချယ်တင်မြှောက်ရေးဆောင်ရွက်ထားရှိမှုနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း အတွင်းရေးမှူးက တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်း၏ (၁၅) ကြိမ်မြောက် ရွေးချယ်ရေးဆောင်ရွက်နေမှုတို့ကို တင်ပြကြရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။