အဓိကအကြောင်းအရာသို့ သွားမည်
x

မန္တလေးတိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရေး အားပေးဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံတစ်ဝန်း၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကောင်း မျိုးသန့် မျိုးစေ့များဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မျိုးစေ့ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြန်မာနယူးဧရာ ကုမ္ပဏီလီမိတက်၏ မျိုးစေ့သန့်စင်စက်ရုံ၏ မျိုးစေ့သန့်စင်ခြင်းလုပ်ငန်းနှင့် သီးနှံအခြောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး မျိုးစေ့ထုတ်လုပ်ငန်းတွင် ပုဂ္ဂလိကနှင့် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး၊ ပြည်တွင်းမျိုးစေ့လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် မျိုးစေ့တင်ပို့နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ ကြိုးပမ်းစွမ်းဆောင်မှု မြှင့်တင်နိုင်ရေးအခွင့်အလမ်းများကို တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မြစ်သားမြို့နယ် တမာပင်ကျေးရွာရှိ ကြည်ပြာဥစားကြက်မွေးမြူရေးခြံ၏ ဥစားကြက်ကောင်ရေ ၉၀၀၀၀ ကျော် မွေးမြူထားရှိမှုနှင့် တစ်ရက်လျှင်ကြက်ဥ ၇၀၀၀၀ ကျော် ထွက်ရှိဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စွန်ရဲအင်းဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးဇုန်သို့ရောက်ရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူက မွေးမြူရေးဇုန် မြေနေရာရှင်းလင်းထားရှိမှု၊ မွေးမြူရေးဇုန်အတွင်း နွားမွေးမြူရေးခြံ၊ ဆေးကုသရေးရုံ၊ အစာသိုလှောင်ရုံ၊ နွားစားမြက်စိုက်ပျိုးရေးလျာထားရှိမှု၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုများ၊ ရေရရှိရေးအတွက် ရေခေါ်မြောင်းနှင့် ရေစစ်ကန်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားပြီး စွန်ရဲ အင်းဒေသမွေးမြူရေးဇုန် မြေနေရာချထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်