အဓိကအကြောင်းအရာသို့ သွားမည်
x

ဆည်တာတမံများ၏ အရည်အသွေးစံချိန်စံညွှန်းမြင့်မားစေရန် အဆင့်မြင့်နည်းပညာများ အသုံးပြုစီမံဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများအတွက် အရေးပါသော ရေချိုအရင်းအမြစ်များ ဖူလုံစွာသုံးစွဲနိုင်ရန် နိုင်ငံတစ်ဝန်းတွင် တည်ဆောက်အသုံးပြုလျက်ရှိသည့် ဆည်တာတမံများ၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ ဆည်မြောင်း တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ (ပုသိမ်ကြီး)အနေဖြင့် ဆည်မြောင်းလုပ်ငန်းများ၏ စံချိန်စံညွှန်းများကိုက်ညီစေရန်၊ ဆည်မြောင်းတည်ဆောက်ရေး လုပ်ငန်းများတွင် အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မြေနှင့် ကွန်ကရစ်အရည်အသွေးစမ်းသပ်စစ်ဆေးခြင်း၊ ရေအရည်အသွေးဓာတ်ခွဲစမ်းသပ်ခြင်း၊ တည်ဆောက် ရေးပစ္စည်းများ စမ်းသပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျွမ်းကျင်မှုဆိုင်ရာ စာရင်းကိုင်အဆင့်(၃) လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၅၇)တွင် တက်ရောက်လျက်ရှိကြသည့် သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ကြီးတံခွန် မြို့နယ်ရှိဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးစက်မှုတိုင်း(၄) သို့ရောက်ရှိပြီး မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆည်တာတမံထိန်းသိမ်းရေးလုပ်ငန်းသုံး စက်ယာဉ်ယန္တရားများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ကျွမ်းကျင်မှုဆိုင်ရာ စက်မှုကျွမ်းကျင်အဆင့် သင်တန်းလုပ်ငန်းဆောင်ရွက်ချက်များ၊ နောက်တွဲယာဉ်တွင် တပ်ဆင်အသုံးပြုရွေ့လျား ဆိုလာစနစ်ဖြင့် Rain Gun တပ်ဆင်ထုတ်လုပ်မှုကိုကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် အင်းကုန်း မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံသို့ရောက်ရှိပြီး တာဝန်ရှိသူက လယ်ယာသုံးစက်ကိရိယာများ ပိုမိုထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်တင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး လက်ဆွဲစပါးမျိုးစေ့ချ ကိရိယာထုတ်လုပ်နေမှုအခြေအနေများနှင့် လယ်ယာ (၁၆/၂၂) လက်တွန်းထွန်စက်တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။