အဓိကအကြောင်းအရာသို့ သွားမည်
x

ဆည်ရေကို အကျိုးရှိထိရောက်စွာအသုံးပြု၍ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်းအကောင်အထည်ဖော်ကြမည်

နေပြည်တော် ဒီဇင်ဘာ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ရေလှောင်တမံ၏ ဆည်ရေဝင်ရောက်မှုနှင့် ရာသီအလိုက် စိုက်ပျိုးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးပြီး ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရေး၊ သီးနှံအလိုက် ရေလိုအပ်ချက်ပေါ်မူတည်၍ စိုက်ပျိုးရေစီမံခန့်ခွဲအသုံးပြုနိုင်ရေးနှင့် အသုံးပြုပြီးပိုလျှံရေများကို ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများဖြင့် ပြန်လည်အသုံးပြုနိုင်ရေး၊ တောင်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်သော ရေအသုံးချသူများအဖွဲ့ (WUG) တိုးချဲ့ဖွဲ့စည်းပြီး ဆည်ရေကို ညီညွတ်မျှတအကျိုးရှိစွာ ရယူအသုံးပြုနိုင်ရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဒဟတ်ကန်အုပ်စု ဝက်သိုက် ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးတောင်သူ ဒေါက်တာချိုသိန်း၏ အသားစားကြက်၊ ဝက်နှင့် ငုံးများ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကူးစက်ရောဂါ ကင်းစင်ရေး၊ မွေးမြူရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ဆွေးနွေးမှာကြား သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ခန်း၌တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံစိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ခိုင်မာသော ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ အရည်အသွေးပြည့်ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း၌ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာသင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးပြီး မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာ မွေးမြူရေးတောင်သူ ဦးညွန့်ဝင်း၏ အသားစားကြက်ခြံ၌ အသားစားကြက်မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။