အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးအခြေခံစက်မှုသီးနှံတစ်ခုဖြစ်သည့် ကြံကိုရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုအဖြစ် ဖော်ဆောင်

နေပြည်တော် ဒီဇင်ဘာ ၁၈

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သည့် ကြံသီးနှံနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ပျဉ်းမနားမြို့ရှိ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ကျင်းပရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ သင်တန်းသား ကြံစိုက်တောင်သူများ တက်ရောက်ကြသည်။

အထွက်ကောင်းကြံ စိုက်နိုင်ရေး

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာကြံသကြားစက်မှုလုပ်ငန်း ရေရှည်တည်တံ့စေရန် ကြံတစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ သုတေသနလုပ်ငန်းများမှ ဖော်ထုတ်ရရှိသော အထွက်တိုးနည်းပညာများ၊ ရေမြေဒေသနှင့်ကိုက်ညီပြီး အရည်အသွေးမီ မျိုးကောင်းမျိုးသန့်များ၊ အထွက်ကောင်းကြံမျိုးများ တောင်သူလက်ဝယ်ကို ရောက်ရှိပြီး စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကြံစိုက် တောင်သူနှင့် သကြားစက်ရုံအကြား အပေးအယူမျှတကောင်းမွန်သော ကန်ထရိုက်လယ်ယာစနစ် (Con-tract Farming) တည်ထောင် ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ချမှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ဆောင်ရွက်မှုလုပ်ငန်းစဉ်များ (Standard Operating Pro-cedure - SoP) နှင့်အညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကြံသီးနှံနည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများသည် ကြံမျိုးရင်းထိန်းသိမ်းစိုက်ပျိုးထားသော စိုက်ခင်းများ၊ တစ်သျှူးနည်းဖြင့် ထုတ်လုပ်ထားသော ကြံမျိုးပွားစိုက်ခင်းများ၊ လမိုင်းအထွက်ကောင်း စိုက်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြံစိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးကြသည်။

သင်တန်းသား ၆၀ လေ့လာ

မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်နိုင်ရန် ခေတ်မီနည်းပညာနှင့်အရည်အသွေးကောင်း မျိုးကြံများဖြန့်ဖြူးခြင်းစီမံကိန်းအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ကြံသီးနှံနည်းပညာပေးသင်တန်းတွင် တောင်သူများနှင့် ဌာနတွင်း သင်တန်းသား ၆၀ တက်ရောက်လေ့လာလျက်ရှိပြီး လမိုင်းအထွက်ကောင်း စိုက်ပျိုးနည်း စနစ်နှင့် ကြံစိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်တို့ကို ဒီဇင်ဘာ ၁၈ ရက် မှ ၂၀ ရက်အထိ လက်တွေ့ပြသရှင်းလင်းဆွေးနွေးခြင်း၊ အသိပညာဖလှယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ တောင်သူစိုက်ကွင်းတွင် လူအား၊ စက်အားတို့ဖြင့် ကြံခုတ်သိမ်းနေမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင်စက်ရုံကို ယုဇနကုမ္ပဏီလီမိတက်က ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ပျဉ်းမနားသကြားစက်ရုံ၏ ကြံဝယ်ယူရေးလုပ်ငန်း၊ သကြားထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး၊ ကုန်ကြမ်းအပြည့်အဝရရှိနိုင်ရေး၊ ကြံမျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာအပါအဝင် လိုအပ်ချက်များကို တည်ဆဲဥပဒေများနှင့်အညီ ပံ့ပိုးကူညီပေးနိုင်ရေးနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။