အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးသည့် သီးနှံပုံစံအလိုက် ရေလိုအပ်ချက်ကို စနစ်တကျပေးသွင်းပြီး ရေချိုအရင်းအမြစ်များ အလေအလွင့်မရှိ အသုံးပြုနိုင်ရေး တောင်သူများအား မှာကြား

နေပြည်တော် ဒီဇင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် ဝမ်ပုံရွာအနီးရှိ ဝမ်ပုံမြေသားတမံပြုပြင်ခြင်း လုပ်ငန်းခွင်ကိုကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေမျှတစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးသည့်သီးနှံပုံစံအလိုက် ရေလိုအပ်ချက်ကို စနစ်တကျပေးသွင်းပြီး ရေချိုအရင်းအမြစ်များ အလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ ဒေသ၏လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်ရာဌာနများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

တောင်သူလိုအပ်ချက်များပံ့ပိုး

ထို့နောက် ဒုတိယဝန်ကြီးသည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု မိုင်းဟိကျေးရွာအနီး နမ့်မယ်ခွန်ချောင်းပေါ်တွင် နမ့်မယ်ခွန်ရေလွှဲဆည်တည်ဆောက်မည့် လျာထားနေရာကို ကြည့်ရှုစစ်ဆေးစဉ် မြေပြင်အနေအထားနှင့် ကိုက်ညီသည့် ဒီဇိုင်းပုံစံများ ရေးဆွဲဆောင်ရွက်ကြရန်၊ အရည်အသွေးပြည့်မီစွာ တည်ဆောက်နိုင်ရေးနှင့် တည်ဆောက်ပြီးစီးပါက လျာထားစိုက်ပျိုးဧကများအတိုင်း ရေအပြည့်အဝပေးဝေနိုင်ရေး ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရေအနည်းလိုသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် နည်းပညာအပါအဝင် တောင်သူလိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဆွေးနွေးမှာကြား

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တာချီလိတ်မြို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး၌ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို မိမိတို့ဝန်ကြီးဌာ၏ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှချမှတ်ထားသည့် ညွှန်ကြားချက်များအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဧကချင်း၏ သီးနှံအထွက်နှုန်းတိုးတက်ရေး၊ တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်နည်းစနစ်များ ဖြန့်ဝေပေးနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းတွင် လွှတ်ကျောင်းစနစ်မှ တိရစ္ဆာန်အစာကျွေး၍ လှောင်မွေးသည့်စနစ် ဖွံ့ဖြိုးလာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။