အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၅) ကြိမ်မြောက်ဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရေဆင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး များ၊ ဆရာ ဆရာမများ၊ ဘွဲ့ခံကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနား ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ကမ္ဘာတွင်ပညာသည် Soft Power ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် “ပညာအပေါ် အဓိကမူတည်ပြီး တည်ဆောက်ထားသော လူသားအရင်းအမြစ်က အဓိကဖြစ်သည်ကို လက်ခံထားကြပါကြောင်း၊ အဆင့်အတန်းမြင့်မားသည့် ပညာရှင်လူသားအရင်းအမြစ်၊ ခေတ်မီနည်းပညာ၊ အသုံးချသုတေသန၊ တီထွင်ဖန်တီးမှုတို့ကို အချိုးညီညီ ပေါင်းစပ်နိုင်ပါက ကမ္ဘာ့အဆင့်မီနိုင်ငံတစ်နိုင်ငံ မလွဲဧကန်ဖြစ်လာမည် အမှန်ပင်ဖြစ်ကြောင်း၊ အမိတက္ကသိုလ် ကျောင်းတော်ကြီးအနေဖြင့် မောင်တို့မယ်တို့တွင် ရှိသင့်ရှိအပ်သော Knowledge၊ Skill နှင့် Attitude များကို မောင်တို့မယ်တို့ ပညာရင်နို့သောက်စို့ခဲ့စဉ် ကာလအတွင်း တတ်စွမ်းသမျှဖြည့်ဆည်း မျှဝေပေးခဲ့ပြီဖြစ်ပါကြောင်း။

ဘွဲ့ရမောင်မယ်များအနေဖြင့် ပြင်ပလုပ်ငန်းခွင်ကို ရောက်ရှိချိန်တွင်မိမိတို့၏ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်းများ မြင့်မားလာ အောင် အထူးကြိုးစားသွားကြရန် လိုကြောင်း၊ ယင်းသို့မြင့်မားနိုင်ရန် ကျင့်ဝတ်သိက္ခာပြည့်စုံပြီး ကောင်းမွန်သောစိတ်သဘောထား (Attitude)နှင့် လက်တွေ့ကျွမ်းကျင်နှံ့စပ်မှုရှိခြင်း (Skills) တို့ကိုပေါင်းစပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရပ်အချင်းချင်းဆက်နွှယ်နေမှု သဘောတရားများကိုပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်စွာ အသုံးချနိုင်ရေး ကြိုးစားအားထုတ်ကြမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေပြီး နိုင်ငံတော်အတွက် လက်တွေ့အကျိုးရှိမည် အမှန်ပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် မိမိတို့ကိုယ်တိုင်၏ အရေးပါမှုကိုလည်းကောင်း၊ ပညာရေး၏အရေးပါမှုကိုလည်းကောင်း ကောင်းစွာသိမြင်နားလည်ပြီး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ကြိုးစားကြရန် ထပ်လောင်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆရာမနှင့် တန်းစဉ်ပေါင်း ရမှတ်အများဆုံးရရှိသည့် ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။

အစီအစဉ် ဒုတိယပိုင်းတွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ မာမာဝင်းက မွေးမြူရေးပညာ (Bache-lor of Animal Science - BASc) ဘွဲ့ရရှိသူ ၃၀၊ တိရစ္ဆာန်ဆေးပညာ (Doctor of Veterinary Medicine - DVM) ဘွဲ့ရရှိသူ ၆၂ ဦး၊ တိရစ္ဆာန်မဟာဆေးသိပ္ပံ (Master of Veterinary Science-MVSc) ဘွဲ့ရရှိသူ ငါးဦး ၊ ပါရဂူ (Doctor of Philosophy – PhD) ဘွဲ့ရရှိသူ နှစ်ဦးတို့ကို ဆိုင်ရာဘွဲ့လက်မှတ်ပေး ချီးမြှင့်ပေးအပ်သည်။

၁၉၅၇ ခုနှစ်တွင်စတင် တည်ထောင်ခဲ့သော မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုအတွက် နှစ်စဉ်မွေးမြူ ရေးပညာရှင်များနှင့် တိရစ္ဆာန် ဆေးကုပညာရှင်များမွေးထုတ် ပေးလျက်ရှိရာ ယနေ့အထိ ၆၆ နှစ်တာကာလအတွင်း တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ရ (BVS/BVSc) ၅၆၇၂ ဦး၊ မွေးမြူရေးပညာဘွဲ့ရ (BASc) ၁၉၉ ဦး၊ တိရစ္ဆာန်ဆေးပညာဘွဲ့ရ (DVM) ၁၀၈ ဦး၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်း ဒီပလိုမာဘွဲ့ရ (Dip L.I.S) ၂၂၀၊ မွေးမြူထုတ်လုပ်ရေးဒီပလိုမာဘွဲ့ရ (Dip.L.P.A.) ၄၄၉ ဦး၊ တိရစ္ဆာန် ဆေးပညာ မဟာဒဿနဘွဲ့ရ (MPhil) ၂၁ ဦး၊ တိရစ္ဆာန်ဆေး ပညာမဟာဘွဲ့ရ (MVM) ကိုးဦး၊ တိရစ္ဆာန်မဟာဆေးသိပ္ပံ (MVSc) ၃၃၃ ဦး၊ ပါရဂူဘွဲ့ရ(PhD) ၂၅ ဦး တို့ကို မွေးထုတ်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။