အဓိကအကြောင်းအရာသို့ သွားမည်
x

သဘာဝရေချိုအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းသိုလှောင်၍ အကျိုးရှိစွာအသုံးပြုနိုင်ရေး ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေဖူလုံပိုလျှံစွာ အသုံးပြုနိုင်ရေး၊ ဒေသစိမ်းလန်းစိုပြည်စေရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သဘာဝရေချိုအရင်းအမြစ်များ ထိန်းသိမ်းသိုလှောင်နိုင်ရန် တည်ဆောက်ထားသော ရေလှောင်တမံကြီးများ၏ ကြံ့ခိုင်ရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံရေပိုလွှဲတွင် Hydraulic Elevator Dam (HED) တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

လုပ်ငန်းများကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဂရုပြုလုပ်ဆောင်ကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး Hydraulic Elevator Dam(HED) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများသည် ရာဇဌာနီလမ်းဘေး ဝဲ - ယာတစ်လျှောက်ရှိ ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ခင်းများအား စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် စက်စက်ယိုဆည်ရေသောက်စနစ် ရေသွယ်မြောင်းကျောက်စီခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ကျောက်စီခြင်းလုပ်ငန်းသည် မိုးရာသီတွင် စက်စက်ယိုဆည်ရေသောက်ဧရိယာမှ အသုံးပြုပြီး ရေများဆုံးရှုံးမှုမဖြစ်စေရန်နှင့် တစ်ဆင့်ပြန်လည်အသုံးချနိုင်ရေး၊ ကျောက်စီမြောင်းအတွင်း စီးဝင်စေကာ ရေထိန်းတံခါး အမှတ်(၁)ဖြင့် ရေသိုလှောင်ထားရှိပြီး အနိမ့်တင် ဆိုလာပန့်၊ မိုဘိုင်းဆိုလာများအသုံးပြု၍ ဆောင်းသီးနှံစိုက်ခင်းများအတွက် ဖြည့်စွက်ရေပေးဝေနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။