အဓိကအကြောင်းအရာသို့ သွားမည်
x

လူနှင့်တိရစ္ဆာန်ကျန်းမာရေး အပြန်အလှန်အကျိုးပြု အူတွင်းအဏုဇီဝပိုးကောင်ရေ တိုးမြှင့်ရေးစဉ်းစားဆောင်ရွက်ပေး

မောင်စော

(မွေးမြူဆေးကု၊ မွေးသု)

အကျိုးပြုအဏုဇီဝပိုးဆိုတာ ဘာလဲ

လူနှင့်တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာပြင်ပနှင့်အတွင်း၌ ဗက်တီးရီးယား(Bacteria)၊ ဗိုင်းရပ်စ် (Virus) နှင့် မှို (Fungi) များဖြင့် ပြည့်နှက်နေပါသည်။ ယင်းတို့ကို စုပေါင်း၍ မိုက်ခရို ဘိုင်အုမ်း (Microbiome) ဟု ခေါ်ပါသည်။ အချို့ဗက်တီးရီးယားပိုးများသည် ရောဂါနှင့်ဆက်နွှယ်နေသော်လည်း အများစုသည် ကိုယ်ခံအားစနစ်၊ နှလုံး၊ ကိုယ်အလေးချိန်နှင့် အခြားကျန်းမာရေးကဏ္ဍများစွာအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း လေ့လာသိရှိရပါသည်။

အဏုဇီဝပိုး ထရီလီယံ (တစ်ဂဏန်း နောက်တွင် သုည ၁၂ လုံးပါသောအရေ အတွက်) ပေါင်းများစွာသည် အဓိကအားဖြင့် အူလမ်းကြောင်းတွင်းနှင့် အရေပြားပေါ်၌ နေထိုင်ကြပါသည်။ လူတိုင်း၏ခန္ဓာကိုယ်တွင် အတူတကွမှီတင်းနေထိုင်ကြသည့် အဏုဇီဝဆဲလ်ပေါင်း ၁၀ ထရီလီယံမှ ၁၀၀ ထရီလီယံအထိရှိကြပါသည်။ လူသားများနှင့် ၎င်းပိုးများသည် နှစ်ပေါင်းသန်းနှင့်ချီ၍ အတူတကွ ဆင့်ကဲဖြစ်ပေါ်လာခဲ့ကြပြီး လူ့ခန္ဓာကိုယ်၏ အလွန်အရေးကြီးသည့် အခန်းကဏ္ဍများတွင် ပါဝင်ခဲ့ကြပါသည်။ အကယ်၍ အူတွင်းအဏုဇီဝပိုးများ (Gut Micro- biome)၏ ပူးပေါင်းဆောင်ရွက်မှုသာ မပါရှိလျှင် သတ္တဝါများ အသက်ရှင်ရန်ပင် အလွန်ခက်ခဲမည်ဖြစ်ပါသည်။

လူ့ကျန်းမာရေးနှင့် အူတွင်းအကျိုးပြု အဏုဇီဝပိုးများ

သုတေသန အထောက်အထား တွေ့ရှိချက်များအရ ကလေးငယ်များသည် မိခင်၏သားအိမ်ထဲ၌ ရှိစဉ်ကတည်းကပင် အူတွင်းအကျိုးပြုအဏုဇီဝပိုးများနှင့် ဆက်နွှယ်လျက် ရှိကြောင်း ဖော်ပြထားပါသည်။ အကျိုးပြုအဏုဇီဝပိုးများသည် လူသားတို့မွေးကင်းစမှ သေဆုံးသည်အထိ ကြီးထွားမှုအဆင့် ဆင့်တိုင်းတွင်ကိုယ်ခန္ဓာကို နည်းအမျိုးမျိုးဖြင့် အကျိုးသက်ရောက်စေပါသည်။

မိခင်နို့ကို အစာချေဖျက်ခြင်း

ကလေးငယ်များ၏ အူထဲတွင် ပထမဦးဆုံး စတင်ပေါက်ပွားလာသည့် ဗက်တီးရီးယားအချို့ကို ဘီဖီဒို ဗက်တီးရီးယား (Bifidobacteria) ဟုခေါ်ပါသည်။ ၎င်းတို့သည် ကလေးငယ်၏ ကျန်းမာရေးနှင့် ကြီးထွားမှုအတွက်အရေးကြီးသော မိခင်နို့တွင်းရှိ သကြားဓာတ်များကို ချေဖျက်ပေးပါသည်။

အမျှင်ဓာတ်ကိုချေဖျက်ခြင်း

အချို့သော ဗက်တီးရီးယားပိုးများသည် အမျှင်ဓာတ် (Fibre) ကိုချေဖျက်ပြီး ကျန်းမာရေးအတွက် အရေးကြီးသည့် အကျိုးပြုအဆီအက်ဆစ် (short-chain fatty acids) သဘာဝဓာတ်ပေါင်း (အော်ဂဲနစ် - Organic) များကို ထုတ်လုပ်ပေးသည်။ အမျှင်ဓာတ်သည် ကိုယ်အလေးချိန်တိုးခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာအန္တရာယ်တို့ကို ကာကွယ်ပေးနိုင်ပါသည်။

ကိုယ်ခံအားစနစ်ကို ကူညီပေးခြင်း

အူတွင်းအဏုဇီဝပိုးများသည် ကိုယ်ခံအားဆဲလ်များနှင့် ဆက်သွယ်ခြင်းဖြင့် ကိုယ်ခံအားစနစ် လုပ်ဆောင်မှုကို ထိန်းချုပ်ပြီးလိုအပ်သလို ရောဂါကာကွယ်ရေးနှင့် ရောဂါကူးစက်မှုကို ကိုယ်ခန္ဓာက မည်သို့တုံ့ပြန်ရမည်ကို ထိရောက်အောင် ထိန်းချုပ်ဆောင်ရွက်နိုင်သည်။ အဏုဇီဝ ပိုးမွှားများနှင့် ကိုယ်ခန္ဓာ၏ပထမဆုံး ထိတွေ့မှုသည် မမွေးဖွားမီကတည်းကပင် ရှိခဲ့ပြီးဖြစ်သောကြောင့် အလိုက်သင့်ရှင်သန်နိုင်သော ကိုယ်ခံအားစနစ် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

ဦးနှောက်ကျန်းမာရေးကို ထိန်းချုပ်ရန် ကူညီပေးခြင်း

သုတေသနအသစ် တွေ့ရှိချက်များ အရ အူတွင်းအဏုဇီဝပိုးများသည် ဦးနှောက်လုပ်ဆောင်မှုကို ထိန်းချုပ်ပေးသည့် ဗဟိုနဗ်ကြောစနစ်ကိုလည်း သက်ရောက်မှုများရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

အာဟာရဓာတ်များရရှိအောင် ဆောင်ရွက်ပေးခြင်း

အူတွင်းအဏုဇီဝပိုးများသည် အစားအစာမှစွမ်းအင်ကိုစုပ်ယူသည့်အပြင် လူတို့ကိုအာဟာရဓာတ်များစုပ်ယူရန် ကူညီပေးရန်မရှိမဖြစ်လိုအပ်ပါသည်။ ဥပမာ- အသားနှင့် ဟင်းသီးဟင်းရွက်များတွင် ရှုပ်ထွေးလှသောဒြပ်စင်ဖွဲ့စည်းမှု (မော်လီကျူး) များပါဝင်ပြီး ၎င်းတို့ကိုဖြိုဖျက်ရန် အူတွင်းအဏုဇီဝပိုးများက ကိုယ်ခန္ဓာကိုကူညီပေးသည်။ ကိုယ်ခန္ဓာသည် အူတွင်းအဏုဇီဝပိုးများ၏ အကူအညီမပါဘဲအပင်ဆဲလူလို့ (Cellulose) ကို ချေဖျက်နိုင်မည်မဟုတ်ပါ။ ထို့အပြင် အူတွင်းအဏုဇီဝပိုးများသည် အစာစားချင်စိတ်နှင့် ငြင်းပယ်လိုစိတ်များကို ဖြစ်ပေါ်စေရန် ကိုယ်ခန္ဓာ၏ဇီဝတွင်း ဖြစ်ပျက်မှုကိုပါ လွှမ်းမိုးနိုင်သည်။ အူတွင်း အဏုဇီဝပိုးများနှင့် ဦးနှောက်တို့သည် အချင်းချင်း စဉ်ဆက်မပြတ်ဆက်သွယ် လျက်ရှိပြီး သတ္တဝါတို့၏ အူတွင်း လုပ်ဆောင်မှုများကိုလည်း လွှမ်းမိုးသက်ရောက်မှုများရှိကြောင်း လေ့လာ သိရှိရပါသည်။

ရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်မှုများ

သတ္တဝါများ၏ အစာချေဖျက်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဗက်တီးရီးယားကောင်ရေသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း သုတေသနတွေ့ရှိချက်များက ဖော်ပြထား ကြပါသည်။ အူတွင်းဗက်တီးရီးယားကောင်ရေကျဆင်းခြင်းသည် အဝလွန်ရောဂါနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့နှင့်လည်း ဆက်နွှယ်မှုရှိပါသည်။ အူတွင်းအဏုဇီဝပိုး အရေအတွက်သည် ကိုယ်ခန္ဓာ၏ဇီဝဖြစ်စဉ်များနှင့်လည်း တိုက်ရိုက်ဆက်နွှယ်လျက်ရှိပါသည်။ ထို့အပြင် အူလမ်းကြောင်း ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး အူလက္ခဏာစု (Irritable Bowel Syndrome - IBS) နှင့် အူရောင်ရောဂါ (Inflammatory Bowel Disease - IBD)ကဲ့သို့သော အူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း ဖြစ်စေနိုင်ပါသည်။ ဗက်တီးရီးယားပိုးမွှားက ထုတ်လွှတ်သည့် လေနှင့်ဓာတ်ငွေ့များကြောင့် လေပွခြင်းနှင့်ဗိုက်အောင့်၊ ဗိုက်နာခြင်းစသည့် ရောဂါလက္ခဏာများကိုလည်း ဖြစ်စေနိုင်ပါသည်။ အစားအစာတွင် အကျိုးပြုဗက်တီးရီးယား (Probiotic)၊ အဆိုပါ ပိုးများပေါက်ဖွားမှုကို အားပေးသည့် အမျှင်ဓာတ်များ(Prebiotics)နှင့် အခြားဖြည့်စွက်ပစ္စည်းများ မျှတစွာပါဝင်အောင် စားသောက်ပါက ဖော်ပြပါရောဂါများ ဖြစ်ပွားမှုကို လျော့နည်းစေနိုင်သည်။ အူတွင်းအဏုဇီဝပိုးများနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများ (ဥပမာ- အချို့ ကလေးငယ်များတွင် ငယ်စဉ်ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသည့် အထီးကျန်စိတ်ဝေဒနာ (ခေါ်) စိတ်ကျဝေဒနာ (Autism Spectrum Disorder-ASD) စသည့်ရောဂါများ) အကြားဆက်နွှယ်မှု များကိုလည်း သုတေသီများက တွေ့ရှိခဲ့ ကြပါသည်။

ကိုယ်အလေးချိန်တိုးခြင်းကိုလျှော့ချနိုင်

အူအတွင်းတွင် ဗက်တီးရီးယား မျိုးကွဲပေါင်းထောင်နှင့်ချီ၍ရှိသည့်အနက် အများစုသည် ကျန်းမာရေးကို အကျိုးပြုကြသော်လည်း ကျန်းမာရေးကိုထိခိုက်စေသည့် ပိုးမွှားကောင်ရေ မြင့်တက်လာပါကလည်း ရောဂါဖြစ်စေနိုင်ပါသည်။ တစ်ခါတစ်ရံ အကျိုးပြုအဏုဇီဝပိုးများနှင့် ဆိုးကျိုးဖြစ်စေသည့်အဏုဇီဝပိုးများ ဟန်ချက်မညီမျှမှု (Dysbiosis) ဖြစ်လာပါက ကိုယ်အလေးချိန်တိုးလာပြီး အဝလွန်ရောဂါနှင့် အခြားဇီဝကမ္မဆိုင်ရာ ရောဂါများကို ဖြစ်စေပါသည်။

Probiotics နှင့် ဒိန်ချဉ်တို့တွင်ပါဝင်သည့် အကျိုးပြုအဏုဇီဝပိုးများဖြစ်ကြသည့် ဘီဖီဒိုဗက်တီးရီးယားနှင့် တုတ်တံပိုး (Lactobacilli) ဗက်တီးရီးယားအချို့တို့သည် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပြီး ရောဂါဖြစ်စေနိုင်သည့် ဗက်တီးရီးယားများက အူနံရံကိုတွယ်ကပ်မှုမရှိအောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ်တွင်ပါဝင်သည့် တုတ်တံပိုးကို အကျိုးပြုဗက်တီးရီးယားအဖြစ် ပုံမှန်သုံးစွဲပါက ကိုလက်စထရောဓာတ်ကို လျော့နည်းစေနိုင်ပြီး ကိုယ်အလေးချိန် တိုးလာခြင်းကို ကာကွယ်နိုင်ကြောင်း ဖော်ပြထားပါသည်။ သို့သော် ပဋိဇီဝဆေးဝါးများကို စနစ်တကျမသုံးစွဲပါက အကျိုးပြုဗက်တီးရီးယားပိုးများကို ထိခိုက်စေပြီး အူလမ်းကြောင်း ရောဂါများကို ဖြစ်ပွားစေရုံသာမကဘဲ ဆေးယဉ်ပါးမှုကိုပါ ဖြစ်စေနိုင်ပါသည်။

နှလုံးကျန်းမာရေးကို အကျိုးပြုနိုင်

အူတွင်းအဏုဇီဝပိုးမွှားများသည် လူ၏နှလုံးကျန်းမာရေးကိုပင် လွှမ်းမိုးသက်ရောက်စေနိုင်ကြောင်းကို လူပေါင်း ၁၅၀၀ ၌ ပြုလုပ်ခဲ့သော သုတေသနတစ်ခု တွင် အူတွင်းအဏုဇီဝပိုးမွှားများသည် ကျန်းမာရေးအထောက်အကူပြု သိပ်သည်းဆမြင့် လိုက်ပိုပရိုတင်း (High- Density Lipoprotein -HDL) ကိုလက်စထရောနှင့် ထရိုင်ဂလစ်ဆရိုက်ဒ် (Triglycerides)တို့ကို ပွားများအောင်ဆောင်ရွက်ပေးသည့် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်းတွေ့ရှိခဲ့သည်။ ကျန်းမာရေးကို ဆိုးကျိုးပေးသည့် အူတွင်းအဏုဇီဝပိုးမွှားမျိုးစိတ်အချို့ကြောင့် နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ရောဂါကိုဖြစ်စေသည့် ထရိုင်မီသိုင်းအေမင်း အင်န်အောက်ဆိုက် (Trimethylamine N-oxide TMAO) ဒြပ် ပေါင်းကို ထုတ်လုပ်ခြင်းအားဖြင့် နှလုံး ရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့ အူတွင်းအဏုဇီဝပိုးတို့သည် အနီရောင်အသားနှင့် အခြားတိရစ္ဆာန်အသားတို့ တွင် တွေ့ရှိရသည့် အာဟာရဓာတ်များဖြစ်သည့် ကလိုရင်းနှင့် အယ်လ်ကာနီတင်းတို့ကို TMAO အဖြစ်သို့ ပြောင်းလဲစေနိုင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကို အားပေးနိုင်ကြောင်း သုတေသနတွေ့ရှိ ချက်များတွင် ဖော်ပြထားပါသည်။

ဆီးချိုရောဂါအန္တရာယ်ကို လျော့နည်းစေနိုင်

အူတွင်းအဏုဇီဝပိုးများသည် ဆီးချို ရောဂါအမျိုးအစား (၁) နှင့် (၂) ဖြစ်ပွားစေနိုင်သည့် သွေးထဲရှိသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်သည်။ မကြာသေးမီက ပြုလုပ်ထားသော သုတေသနတစ်ခု၌ မွေးရာပါဆီးချိုရောဂါရှိသည့် နို့စို့အရွယ်ကလေး ၃၃ ဦးတွင် ဆီးချိုရောဂါအမျိုးအစား (၁) စတင်ဖြစ်ပွားခါနီးအချိန်တွင် အူတွင်းရှိအကျိုးပြု အဏုဇီဝပိုးကောင်ရေ အလွန်ကျဆင်းနေပြီး ဆိုးကျိုးပေးနိုင်သည့် အူတွင်းအဏုဇီဝပိုးကောင်ရေမှာ သိသာစွာမြင့်တက်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

ဦးနှောက်ကျန်းမာရေးအပေါ် သက်ရောက်မှု

အူတွင်း အဏုဇီဝပိုးများသည် ဦးနှောက်ကျန်းမာရေးကို နည်းလမ်းအမျိုးမျိုးဖြင့် အကျိုးပြုနိုင်ကြောင်းနှင့် အချို့သောဗက်တီးရီးယားမျိုးစိတ်များသည် ဦးနှောက်အာရုံ ကြောစနစ်တွင် အရေးကြီးသည့် အာရုံကြောဓာတုပစ္စည်းများကို ထုတ်လုပ်ပေးရန် ကူညီပေးနိုင်ကြောင်း သုတေသနပြုချက်များတွင် ဖော်ပြထားပါသည်။ (ဥပမာ စိတ်ကျ ဝေဒနာကို တိုက်ဖျက်နိုင်သည့် Neurotransmitters ဖြစ်သည့် ဆီရိုတိုနင် (Serotonin) ကို အူလမ်း ကြောင်းမှ အဓိကထုတ်လွှတ်ပေးပါသည်။) အူလမ်းကြောင်းသည် သန်းနှင့်ချီသော အာရုံကြောများမှတစ်ဆင့် ဦးနှောက်နှင့်ဆက်သွယ်ထားသဖြင့် အူတွင်းအဏုဇီဝပိုးများသည် ဦး‌နှောက် နှင့်အာရုံကြောကို အကျိုးသက်ရောက်မှု များစွာရှိစေနိုင်ပါသည်။ စိတ်ဝေဒနာ အမျိုးမျိုးရှိသူတို့ကို လေ့လာမှုပြုလုပ်ထားသည့် သုတေသနများ၌ ကျန်းမာသူများနှင့်နှိုင်းယှဉ်ကြည့်ပါက ၎င်းတို့၏အူတွင်းတွင် ကွဲပြားနေသည့်ဗက်တီးရီး ယားမျိုးစိတ်အမျိုးမျိုးရှိကြကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့်အူတွင်း အဏုဇီဝပိုးများသည် ကိုယ်ခန္ဓာ၏အရေးကြီးလုပ်ဆောင်မှုများနှင့် လူ့ကျန်းမာ ရေးကို လွှမ်းမိုးသက်ရောက်နိုင်သည်ကို တွေ့ရပါသည်။

လူ့အပြုအမူအပေါ် အကျိုးသက်ရောက်မှု

အူတွင်းအဏုဇီဝပိုး အကျိုးပြု ဗက်တီးရီးယား (Probiotics) များသည် စိုးရိမ်ပူပန်မှုကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာအချို့ကို လျော့နည်းစေရန် ဗဟိုအာရုံကြောစနစ်အပေါ် အပြု သဘောဆောင်သော အကျိုးသက်ရောက်မှုများရှိပါသည်။ တိရစ္ဆာန်များကိုသုံးပြီး သုတေသနပြု စမ်းသပ်ချက်များအရ စိုးရိမ်ပူပန်မှုနှင့် ဆက်နွှယ်သည့် အပြုအမူများနှင့် စိတ်ဖိစီးမှုကို တုံ့ပြန်မှုတို့ အပေါ်အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါသည်။

တိရစ္ဆာန်များ၏ အပြုအမူအပေါ် အကျိုးသက်ရောက်မှု

သုတေသနတွေ့ရှိချက်များအရ အူတွင်းအဏုဇီဝပိုးများသည် တိရစ္ဆာန်များ၏ အပြုအမူအပေါ်တွင်လည်းများစွာ လွှမ်းမိုးသက်ရောက်ကြောင်း၊ အကျိုးပြုအူတွင်း အဏုဇီဝပိုးများမပါဘဲ မွေးမြူထားသည့် စမ်းသပ်သတ္တဝါများသည် ပုံမှန်မဟုတ်သည့် အပြုအမူများပြသလေ့ရှိကြောင်း၊ ထို့အပြင် တိရစ္ဆာန်အချင်းချင်း ဆက်သွယ်မှု ပြုလုပ်ရာတွင်လည်းကောင်း၊ အုပ်စုဖွဲ့ရာတွင်လည်းကောင်း အဏုဇီဝပိုးများဖြင့် ဆွဲဆောင်စေသည့် ဖီယိုမုန်း (pheromones) ခေါ် ဓာတုပစ္စည်းတစ်မျိုးထုတ်လွှတ်၍ အချက်ပြ လေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ ပျားများတွင်လည်း အူတွင်းအဏုဇီဝပိုးများသည် အာရုံကြောများ၏ လုပ်ဆောင်မှုကို လွှမ်းမိုးသက်ရောက်ကြောင်း၊ အုပ်စုဖွဲ့သည့် အပြုအမူများကို ပုံမှန် မဟုတ်ဘဲ ပြောင်းလဲစေနိုင်ကြောင်းကို လည်း ဖော်ပြထားသည်ကို တွေ့ရှိရပါ သည်။

တိရစ္ဆာန်မွေးမြူရေးနှင့် အူတွင်းအဏုဇီဝပိုးများ အပြန်အလှန်အကျိုးသက်ရောက်မှု

တိရစ္ဆာန်များ၏ အာဟာရဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ရောဂါကာကွယ်ရေး၊ ထုတ်လုပ်မှုကောင်းမွန်ရေးနှင့် အမူအကျင့်များကိုပါ အူတွင်းအဏုဇီဝပိုးများကများစွာ လွှမ်းမိုး သက်ရောက်ကြောင်း လေ့လာတွေ့ရှိထားကြပါသည်။

တိရစ္ဆာန်များ၏ အာဟာရဖွံ့ဖြိုးရေး အတွက် အကျိုးသက်ရောက်မှု

မွေးမြူရေးတိရစ္ဆာန်များ၏ အစာအိမ်အတွင်းရှိ အကျိုးပြုအူတွင်းအဏုဇီဝပိုးများသည် ကျွေးလိုက်သည့်အစာများကို ထိရောက်သည့် အာဟာရဓာတ်များအဖြစ် ပြောင်းလဲကာ အသားနှင့် နို့ထွက်နှုန်းတို့ကို တိုးတက်စေပါသည်။ အထူးသဖြင့် စားမြုံ့ပြန်သတ္တဝါများ၏ အစာ အိမ်သည် အခန်းလေးခန်းဖြင့် ဖွဲ့စည်းထားပြီး စားလိုက်သည့် အပင်တွင်ပါဝင်သော ပေါ်လီဆက်ကရိုက် (Polysaccha-rides)များကို ခန္ဓာကိုယ်တွင်းအစာ ချေဖျက်ရန်အင်ဇိုင်း(enzyme)ခေါ် ဓာတ်ပြောင်း အကူဒြပ်မရှိပေ။ အစာအိမ် အတွင်းရှိ အဏုဇီဝပိုးများက စားလိုက် သည့်အစာများကို အဓိကချေဖျက်ပေးပြီး ၎င်းတိရစ္ဆာန်အတွက် လိုအပ်သည့် အာဟာရဓာတ်များနှင့် စွမ်းအင် များကို ရရှိစေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် စားမြုံ့ပြန်သတ္တဝါများ အသက်ရှင်သန် ရေးအတွက် အာဟာရဖွံ့ဖြိုးရန် အူတွင်း အဏုဇီဝပိုးများသည် မရှိမဖြစ်လိုအပ်ပါ သည်။

မွေးမြူရေးထုတ်လုပ်မှုကို အထောက်အကူပြုနိုင်

မွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှုမြင့်မားပြီး တွက်ခြေကိုက်စေရန်အစာတွင် ဖြည့်စွက်စာအဖြစ် ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်ဇိုင်းတို့ကို မဖြစ်မနေ ထည့်သွင်း၍ ကျွေးမွေး ကျင့်သုံးလျက်ရှိပါသည်။ ထို့အပြင် ပဋိဇီဝဆေးဝါးများကိုလည်း ရောဂါကာကွယ်ရန်နှင့် ကြီးထွား နှုန်းကောင်းစေရန် မွေးမြူရေးတိရစ္ဆာန်အစာများတွင် ပုံမှန်ထည့်ကျွေးကြပါ သည်။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် တိရစ္ဆာန်များတွင် ဆေးယဉ်ပါးမှုပြဿနာနှင့် ဆေးယဉ်ပါးမှုဖြစ်နေသည့် ဗက်တီးရီးယားပိုးများသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်မှုပြဿနာများ ပေါ်ပေါက်နိုင်သဖြင့် ယခုအခါ မွေးမြူရေးလုပ်ငန်းတွင် ပဋိဇီဝဆေးဝါးများ အလွန်အကျွံသုံးစွဲမှုကို ကမ္ဘာနှင့်တစ်ဝန်းတားမြစ်လာကြပြီဖြစ်ပါသည်။ အထူးသဖြင့် ဥရောပနိုင်ငံများ၌ မွေးမြူရေး တိရစ္ဆာန်များတွင် ကြီးထွားနှုန်းကောင်းစေရန် ပဋိဇီဝဆေးဝါးများသုံးစွဲမှုကို တားမြစ်ထားပြီး သုတေသနပညာရှင်များ အနေဖြင့်လည်း တိရစ္ဆာန်ရောဂါ ကာကွယ်နိုင်သည့် အကျိုးပြုအဏုဇီဝပိုးများဖြင့် အစားထိုးအသုံးပြုနိုင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လာကြသည်ကို တွေ့ရပါသည်။ ဂျပန်နိုင်ငံသည် လွန်ခဲ့သည့်နှစ် ၃၀ ခန့်မှစတင်၍ မျိုးစိတ်ပေါင်းများစွာပါဝင်သော အကျိုးပြု ဗက်တီးရီးယားအရည်ကို တီထွင်ခဲ့ကြပြီး နိုင်ငံတကာသို့ပင် နည်းပညာဖြန့်ဝေ ခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။ တိရစ္ဆာန်များ၏ ကိုယ်ခန္ဓာထဲသို့ အကျိုးပြုဗက်တီးရီးယားဝင်ရောက်ပြီးနောက် ၎င်းပိုးများသည် လျင်မြန်စွာတိုးပွားလာနိုင်ပြီး ရောဂါဖြစ်စေနိုင်သည့် အခြားပိုးမွှားများပေါက်ပွားမှုကို ကန့်သတ် ထိန်းချုပ်ထားနိုင်ကာ တိရစ္ဆာန်ခန္ဓာကိုယ်အတွက် အရေးပါသောဗီတာမင်များထောက်ပံ့ပေးပြီး အာဟာရဓာတ်များ လည်း ထုတ်လုပ်ပေးနိုင်ပါသည်။

မွေးမြူရေးထွက်ကုန်ကို တန်ဖိုးမြှင့်ပေးနိုင်

အကျိုးပြု အဏုဇီဝပိုးများသည် အူလမ်းကြောင်းသာမက တိရစ္ဆာန်ကျန်းမာရေးကိုပါ ကောင်မွန်အောင်ကူညီပံ့ပိုးပေးခြင်းကြောင့် ရောဂါဖြစ်နိုင် ခြေကို လျော့နည်းစေသည့် အပြင် အသား၏အနံ့နှင့်အဆင်းအရသာသည် ပုံမှန်မဟုတ်သော အနံ့ဆိုးများကင်းပြီး ထုတ်ကုန်များသည်လည်း အချိန်ကြာမြင့်စွာ လတ်ဆတ်နေကာ အသားနှင့်အသား ထုတ်ကုန်များ၏ အရသာကိုမြှင့်တင်ပေးစေပါသည်။ ထို့အတူ နို့စားနွားမများကို အကျိုးပြုအဏုဇီဝပိုးဖြစ်သည့် Lactobacillus ကို ဖြည့်စွက်ကျွေးမွေးပေးခြင်းဖြင့် နို့ထုတ်လုပ်မှုကို တိုးတက်စေရုံသာမက နို့တွင်းအဆီဓာတ်များ၏ အရည်အသွေးကိုပါ မြင့်မားလာစေနိုင်ပြီး နို့စားနွားမများ၏ ကျန်းမာရေးပိုမိုကောင်းမွန်လာစေကာ ထုတ်လုပ်မှုစရိတ်ကို လျှော့ချနိုင်ခြင်းနှင့် မွေးမြူရေးခြံအတွင်း အနံ့အသက်ကိုလည်း လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

အကျိုးပြုအူတွင်း အဏုဇီဝပိုးများကို တိုးတက်ကောင်းမွန်စေသည့် နည်းလမ်းများ

လူ့ကျန်းမာရေးအထောက်အကူပြု အူတွင်းအဏုဇီဝပိုးများ ပွားများလာပြီး တိုးတက်ကောင်းမွန်လာစေရန် အောက်ပါအတိုင်းဆောင်ရွက်သင့်ပါသည် -

အစားအစာအမျိုးမျိုး အမယ်စုံအောင်စားပါ။ အစားအစာအမယ်စုံအောင် စားသောက်ခြင်းဖြင့် အဏုဇီဝမျိုးစုံကို ပွားများစေနိုင်ပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။ အထူးသဖြင့် ပဲမျိုးနွယ်အပင်များ၊ ပဲမျိုးစုံနှင့်သစ်သီးများတွင် အမျှင်များစွာပါဝင်ပြီး ကျန်းမာရေးအထောက်အကူပြု Bifido-bacteria ပွားများမှု ကို အားပေးပါသည်။

အချဉ်ဖောက် (Fermented) ထားသော အစားအစာကိုစားသုံးပါ။ ဥပမာ- ဒိန်ချဉ်နှင့်ဟင်းရွက်ချဉ်ကဲ့သို့သော အချဉ်ဖောက်ထားသည့် အစားအစာများအားလုံးတွင် ကျန်းမာရေးအထောက်အကူပြု ဗက်တီးရီးယား (အထူးသဖြင့် Lactobacilli အုပ်စု) များစွာပါဝင်ပြီး ရောဂါဖြစ်စေသော ဗက်တီးရီးယားပိုး မျိုးစိတ်ပမာဏကို လျော့နည်း စေနိုင်ပါသည်။

အချိုခဲ (သို့မဟုတ်) အချိုရည်အတုတို့ကို အကန့်အသတ်ဖြင့်သာ စားသောက်ပါ။ သဘာဝထွက်ကုန်မဟုတ်သည့် အချိုခဲ (သို့မဟုတ်) အချိုရည် အတုများသည် အူလမ်းကြောင်း တွင် ကျန်းမာရေးကို ဆိုးကျိုးပေးနိုင်သည့် ဗက်တီးရီးယားများ (ဥပမာ- Enterobacteriaceae) ပွားများလာစေရန် လှုံ့ဆော်ပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို တိုးပွား စေကြောင်း သုတေသနအထောက်အထား အချို့ကဖော်ပြထားကြပါသည်။

Probiotic ပွားများစေရန် အထောက်အကူပြုသည့်အစားအစာများ (prebiotic) ကိုစားပါ။ Prebiotic များသည် ကျန်းမာရေးကိုအကျိုးပြု ဗက်တီးရီးယားများ ပွားများ လာအောင် လှုံ့ဆော်ပေးသည့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများပင်ဖြစ်သည်။ Prebiotic အဖြစ်စားသုံးနိုင်သည့် အစားအစာများမှာ ဥပမာ- artichokes ခေါ် ဂေါ်ဖီထုပ်ကဲ့သို့သော ဟင်းရွက်တစ်မျိုး၊ ငှက်ပျောသီး၊ ကညွတ်၊ ပန်းသီးနှင့် ဂျုံ (oats) စသည်တို့ဖြစ်ပါသည်။

ရင်သွေးငယ်များကို အနည်းဆုံးခြောက်လသားအရွယ်အထိ မိခင်နို့တိုက်ကျွေးခြင်း။ မွေးကင်းစအရွယ်တွင် မိခင်နို့တိုက်ကျွေးခြင်းသည် အူတွင်းအဏုဇီဝ ပိုးပွားများစေရေး အတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ပါသည်။ အနည်းဆုံးခြောက်လကြာ မိခင်နို့တိုက်ကျွေးထားသည့် ရင်သွေးငယ်များသည် နို့ဘူးတိုက်ကျွေးပြီး ပြုစု စောင့်ရှောက်သည့် ကလေးများထက် အကျိုးပြုဗက်တီးရီးယား Bifido-bacteria အရေအတွက် ပိုမိုများပြား လေ့ရှိပါသည်။

အနှံမှရရှိသည့် ကောက်ပဲသီးနှံများများစားသုံးခြင်း။ ဘာလီနှင့်ဆန်လုံးညို (လုံးတီးဆန်)ကဲ့သို့သော အနှံမှရရှိသည့်အစေ့များတွင် အမျှင်ဓာတ်အမြောက်အမြားပါဝင်ပြီး beta-glucan ကဲ့သို့သော အကျိုးပြုကာဘိုဟိုက်ဒရိတ် ဓာတ်များလည်းပါဝင်သဖြင့် အူတွင်းအဏုဇီဝပိုးပွားများစေကာ အဝလွန်ခြင်း၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် အခြား ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

အသီးအရွက်ကို များများစားသုံးပါ။ အသီးအရွက်ကို များများစားသုံးခြင်းဖြင့် အကျိုးပြုအူတွင်း အဏုဇီဝပိုးပွားများစေကာ E. coli ကဲ့သို့သော ရောဂါဖြစ်စေနိုင်သော ဗက်တီးရီးယားပိုး ပမာဏကို လျော့နည်းစေနိုင်သည့်အပြင် ရောင်ရမ်းရောဂါနှင့် ခန္ဓာကိုယ်မှကိုလက်စထရော ဓာတ်တို့ကိုပါ လျော့နည်းစေနိုင်ပါသည်။

Polyphenols ကြွယ်ဝသော အစား အစာများကိုစားပါ။ ပေါ်လီဖနောလ်များ (Polyphenols)သည် အနီရောင်စပျစ်သီး ဝိုင်၊ လက်ဖက်ရည်ကြမ်း၊ ချောကလက် နှင့် သံလွင်ဆီ စသည်တို့တွင် တွေ့ရှိရ သော အပင်ဒြပ်ပေါင်းများဖြစ်သည်။ ၎င်းအပင်ဒြပ်ပေါင်း ပြိုကွဲခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြု ဗက်တီးရီးယားပွားများမှုကို လှုံ့ဆော်ပေး ကြောင်း လေ့လာသိရှိရပါသည်။

Probiotic ပါသော ဖြည့်စွက်စာကို စားသုံးပါ။ Probiotic ပါသော ဖြည့်စွက်စာကို စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ကျန်းမာရေးအထောက်အကူပြု ဗက်တီးရီးယားပွားများအောင် ပြန်လည် အစပြုပေးနိုင်ပါသည်။

ပဋိဇီဝဆေးဝါးများကို လိုအပ်မှသာသုံးပါ။ ပဋိဇီဝဆေးဝါးများသည် ရောဂါ ဖြစ်စေနိုင်သော ဗက်တီးရီးယားများသာမက အကျိုးပြုအူတွင်းဗက်တီးရီးယားများစွာကိုပါ သေစေနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကိုယ်အလေးချိန်တိုးလာခြင်းနှင့် ပဋိဇီဝဆေးကိုယဉ်ပါးမှုဖြစ်လာခြင်းစသည့် ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ပဋိဇီဝဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်မှသာ သုံးစွဲသင့်ပါသည်။

လူနှင့် တိရစ္ဆာန်ကျန်းမာရေး အပြန်အလှန်အကျိုးပြု အူတွင်းအဏုဇီဝပိုးကောင်ရေ တိုးမြှင့်ရေး နေထိုင်စားသောက်ပေး။

ထို့ကြောင့် အကျိုးပြုအူတွင်းအဏုဇီဝပိုးများသည် လူနှင့်တိရစ္ဆာန်တို့၏ နေ့စဉ်အသက်ရှင်သန်ရေးနှင့် ကျန်းမာရေးအပေါ် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင် ဆက်နွှယ်လွှမ်းမိုး သက်ရောက်သဖြင့် ၎င်းပိုးများရှင်သန် ပွားများအောင် အထူးဂရုစိုက်နေထိုင်စားသောက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

မှီငြမ်းကိုးကားစာရင်း

Ganguly, P. (2019). Microbes in us and their role in human health and disease. News and Events, National Human Genome Research Institute

Forcina, G., Peဴrez-Pardal, L., Carvalheira, J., & Beja-Pereira, A. (2022). Gut Microbiome Studies in Livestock: Achievements, Challenges, and Perspectives. Animals, 12(23), 3375