အဓိကအကြောင်းအရာသို့ သွားမည်
x

ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ နှစ်ဆတိုး တိုးတက်ထုတ်လုပ်ရေးကြိုးပမ်း

နေပြည်တော် ဖေဖော်ဝါရီ ၇

နိုင်ငံတော်၏ အသားထုတ်လုပ်မှု ကဏ္ဍနှစ်ဆတိုး တိုးတက်ထုတ်လုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၆) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ပြည်သူများ၏ စားသောက်မှု ပုံစံပြောင်းလဲလာမှုကြောင့် အသားစားသုံးမှု တိုးတက်လာခြင်းနှင့်အတူ အသားလိုအပ် ချက်ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေမှု၊ နိုင်ငံတော်၏ အသားထုတ်လုပ်မှုကဏ္ဍ နှစ်ဆတိုး တိုးတက်ထုတ်လုပ်ရေးအခွင့်အလမ်းများ၊ မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကာကွယ်ဆေးထိုးခြင်း၊ ကူးစက်ရောဂါများအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ၏ မွေးမြူထုတ်လုပ်မှုအခြေအနေ၊ မွေးမြူရေးအစားအစာ ထုတ်လုပ်သူများ၏ လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ကုန်ချောထုတ်လုပ်မှုအားကောင်း

ထို့နောက် ဒုတိယဝန်ကြီးက ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက်ထုတ်လုပ် နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပံ့ပိုးကူညီပေးနိုင်ရေး၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေး၊ တိရစ္ဆာန်အစာစိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရေး အတွက် မွေးမြူရေးခြံ တည်ထောင်လုပ်ကိုင်လိုသူများကို လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အလားအလာကောင်းသော ဒေသများတွင် တစ်ပိုင်တစ်နိုင် မွေးမြူနိုင်သည့် တိုင်းရင်းမျိုး ကြက်၊ သိုး၊ ဆိတ်၊ နို့စားနွား၊ ဝက်များမွေးမြူ ရေး၊ ဥစားကြက်၊ အသားစား ကြက်မွေးမြူရေးလုပ်ငန်းများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP) နှင့်အညီ မွေးမြူထုတ်လုပ်မှု အားကောင်းလာစေရေး၊ ရောဂါထိန်းချုပ်ကာကွယ် ရေးလုပ်ငန်းများကို စီမံချက်ချမှတ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ (နေပြည်တော်) ရှိ မြစိမ်းရောင်နို့နှင့် ဒိန်ချဉ်ထုတ်စက်ရုံသို့ ရောက်ရှိပြီး နို့ပေါင်းခြင်း၊ ဒိန်ချဉ်ထုတ်လုပ် ဖြန့်ဖြူးမှုအခြေအနေများကိုလည်းကောင်း၊ နို့စားနွားမွေးမြူထားရှိမှုနှင့် နွားစာမြက် (နေပီယာ) စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။