အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)တွင် ပညာသင်ယူလျက်ရှိကြသည့် စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံသည်။

ဆွေးနွေးမှာကြား

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးကနိုင်ငံတော်က အကောင်းဆုံးရင်းနှီး မြှုပ်နှံမှုအဖြစ်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အားပေးမြှင့်တင်ဆောင်ရွက် ပေးနေမှု၊ မွေးမြူရေးကဏ္ဍ ပြောင်းလဲ တိုးတက်ရေးအတွက် လူငယ်ပညာရှင်များ အခန်းကဏ္ဍ၏ အရေးပါမှု၊ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအားကောင်းစွာဖြင့် မိမိတို့ ကိုယ်စီ၏ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရေးကြိုး ပမ်းသွားကြရန်၊ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် ဆောင်ရွက်တတ်သည့် အလေ့အထ၊ ပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေပေါင်းသင်း ဆက်ဆံတတ်သည့် အလေ့အကျင့်များကို ပညာသင်ကာလမှာပင် တစ်ပါတည်း ဖြည့်ဆည်းအားထုတ်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လမ်းညွှန်ချက်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှာကြားပြီး နည်းပညာပြန့်ပွားရေးဝန်ထမ်းများနှင့် သုတေသီများ အပြန်အလှန် ပေါင်းကူးဆက်စပ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် မွေးမြူရေးသုတေသနဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် အပင်နှင့်ငါးတွဲဖက်၍ ပတ်ဝန်းကျင်အကျိုးပြုမြေမဲ့ စိုက်ပျိုးမွေးမြူရေးစနစ် (Aquaponics) သုတေသနဆောင်ရွက်နေမှု လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

မွေးမြူရေးသုတေသနဦးစီးဌာနအနေဖြင့် အစာဆေးဝါးသုတေသန၊ ဇီဝမျိုးရိုး ငါးသုတေသန၊ နည်းပညာထုတ်ကုန် အသား သုတေသန၊ ရောဂါပိုးမွှားအသားသုတေသန၊ အပင်မျှောလှေးနှင့် သတ္တမျှောလှေးမျိုးသန့်ရရှိစေရေးသုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေး

အလားတူ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာ ထုတ်လုပ်ရေးသုတေသန ၊ အပင်စွန့်ပစ်ပစ္စည်းမှ တိရစ္ဆာန်အစာသုတေသန လုပ်ငန်းများနှင့် အောဂဲနစ်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။