အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပုလင်းရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်း တစ်ကွင်းတစ်စပ်တည်း နွေစပါး ဧက ၁၀၀ စံပြကွက် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုလင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်း တစ်ကွင်းတစ်စပ်တည်း နွေစပါး ဧက ၁၀၀ စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

အဆိုပါ နွေစပါး ဧက ၁၀၀ စံပြကွက်၌ တစ်ဧကလျှင် တင်း ၁၃၀ မှ တင်း ၁၅၀ အထိ ထွက်ရှိနိုင်သည့် ဆာဖိုးသာ အထွက်ကောင်းစပါးမျိုးကို စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်စနစ်အနေဖြင့် ဧက ၉၀ တွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးမည်ဖြစ်ကာ ပေါင်တင်ပျိုးထောင်စနစ်ဖြင့် ၁၀ ဧက စိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာအုပ်စုရှိ Good Brothers’ Co.,Ltd. က လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မျိုးကောင်းမျိုးသန့် နွားမွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဒေသခံတောင်သူများ၏ ဒေသနွားမျိုးများနှင့် ပြည်ပမှတင်သွင်းလာသည့် ဘာရာမင်နွားမျိုး နွားသိုးများ မျိုးစပ်၍ရရှိလာသော နွားမျိုးများကို တောင်သူများအား ငှားရမ်းခြင်း၊ မွေးဖက်ပေးခြင်း ဆောင်ရွက်နေမှုများ၊ နွားစာအတွက် စိုက်ပျိုး ထားသော နေဗီယာမြက်စိုက်ကွင်း ရှစ်ဧကနှင့် နွေရာသီကာလတွင် နွားစာအဖြစ် ကျွေးမွေးနိုင်ရန် မြက်ချဉ်ဖတ်ပြုလုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးကဏ္ဍနှင့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲများနှင့် နည်းပညာပေးသင်တန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်များအတွင်း ဘူမိဗေဒမြေအောက်တိုင်းထွာမှုများအရ ရေထုတ်ယူသုံးစွဲနိုင်မှု၊ မိုးကောင်းသောက်ယာမြေများတွင် မြေအောက်ရေတွင်းတူးဖော်ပြီး စိုက်ပျိုးရေပေးဝေနိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအား တာဝန်ရှိသူများကို ဖြည့်စွက်မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့ ကမ်းနီမြစ်ရေတင် ရေသောက်ဧရိယာတွင် တိုက်ရိုက် မျိုးစေ့ချကိရိယာ အသုံးပြု၍ နွေစပါးစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေအသုံးချသူများအဖွဲ့ဝင် (WUG) တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ကောင်းမွန်သည့် စိုက်ပျိုးနည်းစနစ်များကို အခြားတောင်သူများထံ လက်ဆင့်ကမ်းမျှဝေပေးရန် လိုအပ်ချက်များဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့ အမှတ် (၈) စက်မှုလယ်ယာစခန်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့်တွေ့ဆုံ၍ စက်မှုလယ်ယာဝန်ဆောင်မှု အသင်းများ အားကောင်းစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သောပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။