အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှုသဘောတူစာချုပ်အရ ရန်ပုံငွေစီမံအုပ်ချုပ်မှုကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၉

ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်အရ သုတေသနရန်ပုံငွေစီမံအုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက Online ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်ဆောင်ရွက်ခဲ့မှု၊ လက်ရှိလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဖြည့်စွက် ဆွေးနွေးကြသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ လက်မှတ်ရေးထိုးခဲ့သော ငါးလုပ်ငန်းဆိုင်ရာ သုတေသန ရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်အရ တနင်္သာရီတိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များ၏ ပြည်ပတင်ပို့သည့် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုတန်ဖိုးမှ ၀ ဒသမ ၅ ရာခိုင်နှုန်း သုတေသန ရန်ပုံငွေအဖြစ် ကောက်ခံခဲ့ရာ ၂၀၂၄ ခုနှစ် မတ်လအထိ ငွေကျပ်သိန်းပေါင်း ၂၅၇၀၀ ကျော် ရရှိပြီးဖြစ်သည်။

ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ရန်ပုံငွေ စီမံအုပ်ချုပ်မှုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ချင်းခရု (Hard Clam) ပျံ့နှံ့တည်ရှိမှုကို အကဲဖြတ်ဆန်းစစ်ပြီး ရေရှည်စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်း၊ ကလွင်စခန်းအား ငါးမွေးမြူရေး အလေ့အကျင့်ကောင်း ဂျီအေကျူပီ (Good Aquaculture Practices - GAqP) Model Farm တည်ဆောက်ရေးစီမံကိန်း၊ ရေသတ္တဝါများ၏ ရောဂါဖြစ်ပွားမှု အခြေအနေများကို သုတေသနပြု စမ်းသပ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မွေးမြူရေး သုတေသနဦးစီးဌာနက မွေးမြူသုတေသန (ကျွန်းစု) စခန်း အဆင့်မြှင့်တင်ခြင်း၊ ကျောက်ငါး (Greasy grouper) မျိုးငါးကြီးများကို မျိုးဥနှင့် မျိုးရည်များ ဖွံ့ဖြိုးလာစေရန် မတူညီသော အစာ၊ ဆေးဝါးများနှင့် စမ်းသပ် သုတေသနပြုခြင်း၊ ငါးပါးနီ (Lutjanus sp) (red snapper) ငါးများကို မျိုးဥနှင့် မျိုးရည်များ ရင့်ကျက်လာစေရန် မတူညီသော အစာ၊ ဆေးဝါးများဖြင့် စမ်းသပ်သုတေသနပြုခြင်း လုပ်ငန်း၊ Seabass (Lates calcarifer) ကကတစ် သားပေါက်များကို မတူညီသော အစာနှင့် စမ်းသပ်သုတေသနပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြိတ်တက္ကသိုလ်က တာဝန်ယူကာ မြိတ်မြို့ဝန်းကျင်ရှိ ခရု၊ ကမာ ထုတ်လုပ်မှုများကို လေ့လာခြင်း၊ နည်းစနစ်ကျနသောအသားတိုးမွေးမြူခြင်းနှင့် သားဖောက်မွေးမြူခြင်းတို့ကို သုတေသနပြုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။