အဓိကအကြောင်းအရာသို့ သွားမည်
x

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော် မေ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများ၌ ထိုင်းနိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင် ရေးတင်ပြလာပါက ဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေးနှင့် လိုအပ်ချက်များကူညီပေးနိုင်မည့်အခြေအနေများ၊ နို့စားနွားတိုးချဲ့မွေးမြူရေး၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ မြန်မာ့ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် ကျွဲ၊ နွား ခွာနာ လျှာနာရောဂါကင်းမဲ့ဇုန်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ထိန်းချုပ်ဇုန်များ ဆောင်ရွက်ထားရှိမှုနှင့် တိရစ္ဆာန်နယ်စပ်ဖြတ်ကျော်တင်ပို့ခြင်းဆိုင်ရာ မူဝါဒများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကျွဲနွားတင်ပို့မှုဆိုင်ရာ သဘောတူညီချက် MoU ဆောင်ရွက်ရန်လိုအပ်ချက်များ၊ မြန်မာ့ ငါးမြင်းငါးမျိုးဗီဇစစ်ဆေးခြင်းနှင့် မျိုးထိန်းခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော ရေရှည်တည်တံ့သည့် လယ်ယာကုန်ထုတ်လုပ် မှုဖြစ်စေရေးအတွက် စီမံဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။