အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၃၁၈ ဒသမ ၉၁၄ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၈

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ ကော်မတီဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါး စီမံကိန်း၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစီမံကိန်း၊ အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက်မွေးမြူရေးစီမံကိန်း၊ ဆက်လက် ဆောင်ရွက်မည့် စိုက်ပျိုးရေရရှိရေးစီမံကိန်းနှင့် နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ သိုး၊ ဆိတ်မွေးမြူရေး စီမံကိန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်မှုတွင် ၂၀၂၂ - ၂၀၂၃ ခုနှစ်၌ ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအတွက် သုံးစွဲခဲ့သည့်ချေးငွေနှင့် ဝန်ဆောင်ခအားလုံး ပြန်လည်ရရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိသော စီမံကိန်းလုပ်ငန်းများ၏ ချေးငွေနှင့် ဝန်ဆောင်ခများကို သတ်မှတ်ကာလ အချိန်မီရရှိရေးနှင့် အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းအား ရုံးချုပ်နှင့် တိုင်းဒေသကြီး လက်ကျန်ရန်ပုံငွေ နွေစပါးချေးငွေမှ ပြန်လည်ကောက်ခံရရှိမည့် ငွေများဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အဆိုပြုဧကအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ စိစစ် အဆိုပြုဧက ၉ ဒသမ ၆ သိန်းအား လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မိုးမြေပဲ) စီမံကိန်းဧက ၁ ဒသမ ၀၈ သိန်းကို ဆောင်းဆီထွက်သီးနှံမှ ချေးငွေပြန်လည်ကောက်ခံရရှိမည့်ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စုစုပေါင်းကျပ် ၃၁၈ ဒသမ ၉၁၄ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်လေးခုတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးစီမံကိန်းဖြစ်သည့် အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက် မွေးမြူရေးအတွက် ချေးငွေအဆိုပြုလျှောက်ထားလာသူ မွေးမြူသူ၊ မွေးမြူသူအစုအဖွဲ့များ၊ သွင်းအားစုထောက်ပံ့သူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် မွေးမြူရေးစီမံကိန်းတွင်ပါဝင်သည့် နို့စားနွား၊ အသားတိုး နွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ်နှစ်ခုတို့တွင် ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၈ မြို့နယ်၊ တောင်သူ ၁၃၃ ဦး၊ လုပ်ငန်း ၁၆၃ ခုမှ စိုက်ပျိုးမြေဧက ၁၄၀၀ ကျော်အတွက် စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။