အဓိကအကြောင်းအရာသို့ သွားမည်
x

ဖြူးချောင်းရေလှောင်တမံ လက်ဝဲတူးမြောင်းမကြီးတူးဖော်ခြင်း စီမံကိန်းပြီးစီးပါက လယ်မြေဧက ၂၉၁၀၀ ကို အကျိုးပြုနိုင်မည်

နေပြည်တော် မေ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၁၄) အနောက်ဘက် ငါးမိုင်အကွာတွင်တည်ရှိသည့် ဖြူးချောင်းရေလှောင်တမံ၏ လက်ဝဲတူးမြောင်းမကြီးတူးဖော်ခြင်း စီမံကိန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ဖြူးချောင်းရေလှောင်တမံ၏ နှစ်အလိုက်ဝင်ရေသိုလှောင်နိုင်မှု၊ ရေအားလျှပ်စစ်ထုတ်လုပ်နေမှုနှင့် စိုက်ပျိုးရေပေးဝေနိုင်မှု၊ လက်ဝဲတူးမြောင်းမကြီးတူးဖော်ခြင်း စီမံကိန်းဆောင်ရွက်နေမှုနှင့် စီမံကိန်းပြီးစီးပါက စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်မည့် ရေသောက်ဧရိယာ အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့်အတူ စိုက်ပျိုးရေစီမံခန့်ခွဲရေးနှင့် သီးနှံအလိုက် ရေကိုအကျိုးရှိစွာသုံးစွဲရန် လိုအပ်ချက်နည်းပညာ၊ အသိပညာပေးလုပ်ငန်းများကို တပါတည်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဧက ၂၉၁၀၀ ကို အကျိုးပြုနိုင်

ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်အတွင်းရှိ လယ်မြေများကို စိုက်ပျိုးရေပေးဝေနိုင်ရေးနှင့် ရေအားလျှပ်စစ် တပ်ဆင်အင်အား ၂၀မဂ္ဂါဝပ် နှစ် လုံးဖြင့် နှစ်စဉ်ပျမ်းမျှကီလိုဝပ်နာရီ သန်း ၁၂၀ ထုတ်လုပ်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် လျာထားရန်ပုံငွေဖြင့် တူးမြောင်းမြေကြီးလုပ်ငန်း၊ တူးမြောင်းအဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်း၊ ကျောက်ပြားလိုင်နင်စီခြင်း၊ ရေလွှဲဆည်ရေမြှင့်ရေတံခါးရွက်များ ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက လယ်မြေဧက ၈၀၀ ကို စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်မည်ဖြစ်၍ စုစုပေါင်းလယ်မြေဧက ၂၉၁၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၁) က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖြူးချောင်းရေလှောင်တမံ လက်ဝဲတူးမြောင်းမကြီး တူးဖော်ခြင်းစီမံကိန်းလုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။