အဓိကအကြောင်းအရာသို့ သွားမည်
x

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝသည့် ငါးသားပေါက်များ လျာထားချက်ကျော်လွန်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်း

နေပြည်တော် မေ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် လေးဒေါင့်ကန် ကျေးရွာအနီး အမှတ်(၂) လမ်းမကြီးပေါ်ရှိ ငါးလုပ်ငန်းဦးစီးဌာန လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်း၏ ငါးမွေးမြူထုတ်လုပ်ခြင်း နည်းပညာပေးလုပ်ငန်း၊ ငါးမျိုးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းစခန်း၏ လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော ငါးမွေးမြူရေး (GAqP-ဂျီအေ ကျူပီ) ကျင့်စဉ်လိုက်နာဆောင်ရွက်မှုတိုးတက်ရေး ဆွေးနွေးမှာကြားသည်။

လေးဒေါင့်ကန် ငါးလုပ်ငန်းစခန်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ ပေါကြွယ်ဝစေရေးအတွက် သဘာဝရေပြင်များတွင် ငါးမျိုးစိုက်ထည့်ပေးနိုင်ရေး၊ ဒေသနှင့် ကိုက်ညီသည့် ပြည်တွင်း ပြည်ပ ငါးမျိုးသစ်များ စမ်းသပ်သားဖောက် ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ ငါးမျိုးကောင်းမျိုးသန့်များ ပိုမိုဖြန့်ဖြူးထုတ်လုပ်နိုင်ရန်နှင့် ငါးသားပေါက်မွေးမြူနည်းစနစ်များကို ငါးမွေးမြူသူများထံသို့ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ကျောက်တန်းပုစွန်သားပေါက်စခန်း၏ မြန်မာ့မျိုးရင်း ရေချိုပုစွန်မျိုးကောင်းမျိုးသန့်သားပေါက်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရေချိုပုစွန်သားဖောက်ခြင်းလုပ်ငန်းကို သတ်မှတ်လျာထားကောင်ရေ ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန်နှင့် ပုစွန်မွေးတောင်သူများကို နည်းပညာပေးသင်တန်းများ ပို့ချပေးနိုင်ရေးအလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဘက်စုံစိုက်ပျိုး မွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူက လက်ရှိမွေးမြူထားရှိသည့် ဘဲ၊ ငါးနှင့် ငါးသားပေါက်များ စနစ်တကျ မွေးမြူထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားပြီး သီလဝါစက်မှုဇုန်ရှိ တိရစ္ဆာန်အစာတွင် ထည့်သွင်းသည့် Han Yoma ဆေးဝါးစက်ရုံ ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။