အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာ အုပ်စု ပုရွက်ဆိတ်ကုန်းရွာရှိ မိုးစပါး ငါးဧကစိုက်ခင်း၌ ထွန်စက်ကြီးဖြင့် တွဲဖက်သုံးမျိုးစေ့ချကိရိယာ လက်တွေ့စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရေမြေအခြေအနေပေးသည့် ဧရိယာများတွင် သုံးသီးစိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ မြေအချဉ်ဓာတ် လျော့ပါးစေရေး မြေပြုပြင်သည့်စနစ်များကို အသိပညာပေးဆောင်ရွက်ပေးကြရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရန်အတွက် ရေရရှိနိုင်သောအရင်းအမြစ်များ ရှာဖွေဖော်ထုတ်ပေးကြရန်နှင့် တောင်သူများ လက်တွေ့ထွန်ယက်စိုက်ပျိုးရာတွင် ဖြစ်ပေါ်လာနိုင်သည့်အခက်အခဲများကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်အေလာမြို့ နေမင်းထွန်းလယ်ယာသုံး ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၏ စပါး၊ မြေပဲနှင့် ပဲမျိုးစုံခြွေလှေ့စက်နှင့် မျိုးစေ့ချကိရိယာများ ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက အေလာယာယီရေထိန်းဆည်ရေသောက် နွေနှမ်း ၁၆၃ ဧက စိုက်ပျိုးထားရှိမှုနှင့် အေလာကန် ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နွေနှမ်းစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ရေနုတ်မြောင်းများတူးဖော်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် PPEG Construction CompanyLimited မှ အခြောက်ထယ်ရေးမျိုးစေ့ချ ကိရိယာ၊ အစိုထယ်ရေးမျိုးစေ့ချ စက်နှင့် အာလူးတူးဖော်ကိရိယာများ စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီပြီး ပေါ့ပါး၍အလွယ်တကူအသုံးပြုနိုင်သည့် နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ ဆက်လက်တီထွင်သွားကြရန် အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။