အဓိကအကြောင်းအရာသို့ သွားမည်
x

GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော “မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း-မဲခေါင်နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးမြှင့်တင်ခြင်း စီမံကိန်း က ဖွင့်လှစ်ပို့ချသည့် အသိပညာပေးအစီအစဉ်ကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အသိပညာပေးအစီအစဉ်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့် ဌာဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ပသို့ လယ်ယာထွက်ကုန်များတင်ပို့လျက်ရှိသည့် ကုမ္ပဏီကိုယ်စားလှယ်များတက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အသိပညာပေးအစီအစဉ်ကျင်းပခြင်းအားဖြင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်မည်ဖြစ်သည့်အပြင် မိမိတို့နိုင်ငံ၏အခြေခံကုန်ထုတ် လုပ်သူများဖြစ်သော တောင်သူလယ်သမားများ၊ မွေးမြူရေးသမားများအနေဖြင့် ဒေသတွင်းထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တွင် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ စိုက်ပျိုးရေးကဏ္ဍအသွင်ကူးပြောင်းရေးကို ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကွင်းဆက်ကိုလည်း မျှတစွာအသွင်ကူးပြောင်းရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတိုင်းသည် ပြည်တွင်း၊ ပြည်ပဈေးကွက်အလိုအရသာ ထုတ်လုပ်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အသိပညာပေးအစီအစဉ် ဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ရှိသူများက တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ လမ်းညွှန်ချက်နှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် လယ်ယာထွက်ကုန်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ရေထွက်ကုန်ကဏ္ဍများ စစ်ဆေးခြင်းဆိုင်ရာများကို အသိပညာပေးဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။