အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပဲပုပ်စိုက်တောင်သူများ၊ ကော်ဖီစိုက်တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဇွန် ၁၉

ရှမ်းပြည်နယ်၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုပိုမိုတိုးတက်ရေးအတွက် လိုအပ်ချက်များ ဆွေးနွေးဖော်ထုတ်နိုင်ရန်နှင့်ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကကဏ္ဍများအလိုက် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပဲပုပ်စိုက်တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က တောင်ကြီးမြို့နယ်ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုတွင် အောင်မြင်ဖြစ်ထွန်းသည့် ဆီထွက်ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝန်ကြီးဌာနက နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးသွားမည့် အစီအမံများနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအားပေးနေမှု၊ ပဲပုပ်သီးနှံကို စားသုံးဆီထုတ်လုပ်ပြီး ထွက်ရှိလာသည့် ကြိတ်ဖတ်ကို မွေးမြူရေးတိရစ္ဆာန်အစာအဖြစ် ရောင်းချနိုင်သဖြင့် တောင်သူအတွက် သီးနှံတစ်မျိုးတည်းမှ ဝင်ငွေနှစ်ခုရရှိမည်ဖြစ်သကဲ့သို့ ပြည်ပသွင်းကုန် တိရစ္ဆာန်အစာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပဲပုပ်မျိုးစေ့နှင့် အစေ့ချကိရိယာများကို တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် ဟဲဟိုး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ သင်ကြားသင်ယူရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ ရောက်ရှိပြီး ကော်ဖီစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ကော်ဖီစိုက်တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကော်ဖီစိုက်တောင်သူများကို ကော်ဖီပျိုးပင်များ၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။