အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးဗိုလ်ဗိုလ်ကျော်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ရတနာတန်းဝင် ကျွန်းပင် ၅၁၀ ကို စိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့အတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးသိပ္ပံကျောင်း (ပျဉ်းမနား)၌လည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ငလိုက်ရေလှောင် တမံ၌လည်းကောင်း ဦးစီးဌာနအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း၊ ယမန်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် နှစ်ရှည်သီးပင်စားပင်များ၊ အရိပ်ရပင်များကို စိုက်ပျိုးခဲ့ရာ ရှင်သန်မှုအနေဖြင့် ၈၀ ရာခိုင်နှုန်းခန့် ကောင်းစွာရှင်သန်လျက်ရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့သော အပင်များနေရာတွင် အစားထိုးစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရုံးအမှတ်(၁၅) ဖူဆယ်အားကစားကွင်း၌ ကျင်းပ သည့် ပြည်ထောင်စုဝန်ကြီးဖလားဖူဆယ် အားကစားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။

ပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးဖလားဖူဆယ်ဘောလုံး အားကစားဆုရအသင်းများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက ပထမဆုရ ရုံးအမှတ် (၃၆) အသင်းအား တစ်ဦးချင်းဆုနှင့် ပထမဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲသည့် ဘော်လီဘောအားကစားပြိုင်ပွဲကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရအမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းများအား ဂုဏ်ပြုဆုများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက ပထမဆုရရုံးအမှတ် (၅၀) အမျိုးသားဘော်လီဘော အသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းတို့အား တစ်ဦးချင်းဆုနှင့် ပထမဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။