အဓိကအကြောင်းအရာသို့ သွားမည်
x

စပါးမျိုးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက် ရိတ်သိမ်း

နေပြည်တော် ဇွန် ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဒေသခံတောင်သူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ခရမ်းကိုင်းအုပ်စု အဆင့်မြင့်လယ်ယာမြေ ဧက ၂၀၀ ရှိ တောင်သူ ဦးရဲဝင်း၏ ကွင်းအမှတ် (၁၈၂၆) ဦးပိုင် (၂၇) ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စပါးမျိုး သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန စမ်းသပ်ကွက် နှစ်ဧက ရိတ်သိမ်းခြင်းကို ကြည့်ရှု အားပေးသည်။

ထို့အတူ ကွင်းအမှတ် (၁၈၂၆) ဦးပိုင် (၂၃) ၏ နွေစပါးရိတ်သိမ်းနေမှုနှင့် တစ်ဧကလျှင် စပါးအစို ၁၄၆ တင်းကျော်ထွက်ရှိမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်သူများနှင့်တွေ့ဆုံ၍ မျိုးကောင်းမျိုးသန့်မွေးမြူထုတ်လုပ် ရေးတွင် တောင်သူများပူးပေါင်းပါဝင်မှု၏ အရေးပါပုံ၊ မျိုးစေ့ထုတ်လုပ်ငန်း၏ စီးပွားရေးအခွင့်အလမ်း များ၊ နိုင်ငံတကာတွင် တောင်သူလယ်သမားများနှင့်ပူးပေါင်း၍ မျိုးကောင်းမျိုးသန့် မွေးမြူခြင်း မျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တောင်သူများ၏ နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများ၊ မိုးစပါးစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အတွေ့အကြုံ ဖလှယ်ဆွေးနွေးကာ လိုအပ်ချက်များ အကြံပြုဆွေးနွေးမှာကြားသည်။

နိုင်ငံတကာတွင် မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် မျိုးစပ်မွေးမြူခြင်းလုပ်ငန်းများကို တောင်သူလယ်သမားများနှင့် အတူတွဲဖက်မွေးမြူသည့်စနစ် (Partcipatory Plant Breeing) နည်းလမ်းကို တွင်ကျယ်စွာ အသုံးပြုလာကြကြောင်းနှင့် မျိုးကောင်းမျိုးသန့်မျိုးသစ်ကို တောင်သူများ လျင်မြန်စွာစိုက်ပျိုးလာကြစေရန်အပြင် မိမိရေမြေနှင့် ကိုက်ညီသောမျိုးကို အတူတကွ စိတ်ကြိုက် ရွေးချယ်နိုင်သော အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် ချောင်းမငယ်ဆည်ရေသောက်ရှိ ဆီထွက်သီးနှံ အထူးဇုန် ဧက ၃၀၀ တွင် နှမ်းသီးနှံများဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပေးပြီး စနစ်တကျ ရိတ်သိမ်းနိုင်ရေးနှင့် နုတ်စည်းထောင်စနစ်ဖြင့် နှမ်းအရည်အသွေးကောင်း၊ ဆီအရည်အသွေးကောင်း ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။