အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် စပါးမျိုးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက် ကြည့်ရှုပြီး အကြိမ် (၄၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ဇွန် ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန စပါးသုတေသနဌာနစုတွင် ဆောင်ရွက်ထားရှိသော အထွက်ကောင်းစပါးမျိုး ၂ မျိုး၊ ၃မျိုးနှင့် ၄ မျိုးအထိ မျိုးစပ်မွေးမြူထားသည့် သားဆက်လိုင်းများကို လာရောက်အကဲဖြတ် လေ့လာကြသည့် ဒက္ခိဏသီရိမြို့နယ်မှ တောင်သူများကို စပါးမျိုးစပ်ခြင်းနှင့် စပါးမျိုးသားဆက်လိုင်းရွေးချယ်ခြင်း နည်းပညာရပ်ဆိုင်ရာသုတနည်းပညာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အကြိမ် (၄၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ သုတေသီပညာရှင်များ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှ တောင်သူများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ပြီး “စိုက်ပျိုးနည်းပညာများကို အွန်လိုင်းမှလေ့လာခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေးနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်ထောက်သုတေသနအရာရှိ ဒေါ်နှင်းနှင်းလှိုင်တို့က စိုက်ပျိုးနည်းပညာများကို အွန်လိုင်းမှ လေ့လာခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် YouTube ၊ TikTok မှတစ်ဆင့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာများလေ့လာရာတွင် ပြုလုပ်ရမည့်အချက်များကို လက်တွေ့ရှင်းလင်း ပြသသည်။

ထို့နောက် YouTube မှတဆင့် ကောက်ရိုးမှတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ရေး ခေါင်းစဉ်အောက်မှ မှိုစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာများခေါင်းစဉ်မှ စွန့်ပစ်ပလတ်စတစ်ဘူးခွံများမှ လောင်စာထုတ်လုပ်ခြင်း နည်းပညာဗီဒီယိုဖိုင်များကို ပြသကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက တောင်သူများကိုယ်တိုင် တီထွင်အသုံးပြုလျက်ရှိသော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းစနစ်များ၊ လုပ်ငန်းခွင်အတွေ့အကြုံမှတ်တမ်းများကို လူမှုကွန်ယက်မီဒီယာများမှတစ်ဆင့်ဖြန့်ဝေ၍ တောင်သူအချင်းချင်း နည်းပညာဖလှယ်သည့် အလေ့အကျင့်များ ပိုမိုတွင်ကျယ်အောင် အားပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို အသေးစိတ်ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။