အဓိကအကြောင်းအရာသို့ သွားမည်
x

စက်ကိရိယာများကို စွမ်းအားပြည့် အသုံးပြုနိုင်ရေး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဆွေးနွေးမှာကြား

နေပြည်တော် ဇူလိုင် ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးတိုက်နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မျိုးဘဲမွေးမြူရေးခြံ (ဘုရားကြီး) ၌ ကာကီကင်းဥစားဘဲ ၃၇၀၀ ကျော် မွေးမြူထားရှိမှု၊ မျိုးထိန်းမျိုးပွားခြင်းလုပ်ငန်းနှင့် မျိုးဘဲဥသားဖောက်စက်များကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးကဒေသအတွင်း ဥစားဘဲမျိုးသားပေါက်များ ဖြန့်ဖြူးရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် စီးပွားဖြစ်မွေးမြူရေးတောင်သူများ တိုးပွားလာစေရေးမွေးမြူရေး နည်းပညာနှီးနှောဖလှယ်ပွဲများ၊ ပညာပေးသင်တန်းများ ဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့နယ် ဘုရားကြီးတိုက်နယ်ရှိ စက်မှုလယ်ယာဗဟို သင်တန်းကျောင်း (အောက်မြန်မာပြည်) ၏ သင်တန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့် တွေ့ဆုံ၍ ကုန်ကျစရိတ်သက်သာစွာ သီးထပ်သီးနှံများကို ရာသီအချိန်မီစိုက်ပျိုးနိုင်ရေး၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တောင်သူများ ဝင်ငွေပိုမိုရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန် စက်ကိရိယာများကို စွမ်းအားပြည့် အသုံးပြုနိုင်ရေး ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အမြန်လမ်း (၃၆/၄) မိုင်ရှိ 3 Red Stars ကုမ္ပဏီလီမိတက်၏ ရော်ဘာခင်း ၁၁၅ ဧကအကြား ရိုဘတ်စတာကော်ဖီ ၂၁၇ ပင် စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးမြင့်မားသည့် ကော်ဖီထုတ်လုပ်နိုင်ရေးနှင့် အနီးဝန်းကျင်ရှိ လုပ်ကွက်ငယ်တောင်သူများကို လက်တွဲခေါ်ယူပြီး ကော်ဖီထုတ်လုပ်သည့် ဒေသအဖြစ် ဖော်ဆောင်နိုင်ရေးဆွေးနွေးမှာကြားသည်။