အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၁ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံမျိုးများ ပြောင်းလဲအသုံးပြုနိုင် ရေး၊ တစ်နှစ် သုံးသီးစိုက်ပျိုးထုတ်လုပ်သည့် ဧရိယာ တိုးတက်လာရေး၊ မြစ်ရေတင်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ ရေချိုအရင်းမြစ်များ ရှာဖွေဖော်ထုတ်၍ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧကတိုးချဲ့ရေးဆိုင်ရာ ကိစ္စပ်များကို ဆွေးနွေးသည်။

ဇူလိုင် ၂ ရက်တွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနပိုင် တမာပိုးသတ်ဆေးစက်ရုံကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Myanma Pesticides Industry Co.,Ltd. ၏ တမာပိုးသတ်ဆေး ထုတ်လုပ် နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ရေနံချောင်းမြို့နယ်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူမြို့နယ်တို့မှ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ ကုန်ထုတ်စွမ်းအားနှင့် ဝင်ငွေတိုးတက်ရေး ဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးထောက်ပံ့ပေးနေမှု၊ မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ၊ ဝန်ကြီးဌာန၏ နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ချောက်မြို့နယ် ဂွေးချိုအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး​၊ မွေးမြူရေး အထက်တန်း​ကျောင်းသို့ရောက်ရှိပြီး စိုက်ပျိုးမွေးမြူရေး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေး စကားပြောကြားပြီး ကျောင်းသုံးစာအုပ်များ၊ အာဟာရ ဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် မကျီးတိုင်းကျေးရွာအနီးရှိ ကြက်မောက်တောင်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပေးဝေနေမှုကို လည်းကောင်း၊ မိတ္ထီလာမြို့နယ် ညောင်ပင်သာ ကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုး ထားရှိမှုနှင့် ဒိန်ချဉ်၊ နို့ဆီနှင့် နို့စိမ်းများ ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၇) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆည်ရေများလေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာစက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းနှင့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်းဖွင့်လှစ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။