အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ညောင်ဦးမြို့နယ် တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၄ ရက်က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်သို့ ရောက်ရှိပြီး သူကောင်းတည်လျှပ်စစ် မြစ်ရေတင်စီမံကိန်းရေပေးဝေရေးလုပ်ငန်းများနှင့် ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသည့် နွေစပါးဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ကွက်၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ငါ့သရောက်၊ လက်ပံခြေပေါ်၊ သူကောင်းတည်၊ ကျောက်ကူး၊ လောကနန္ဒာ စသည့် မြစ်ရေတင်စီမံကိန်းငါးခု၏ ရေသောက်ဧရိယာ၏ ရေတင်အဆင့်အလိုက် စိုက်ပျိုးသင့်သည့် သီးနှံပုံစံနှင့် လက်ရှိစိုက်ပျိုးလျက်ရှိသည့် သီးနှံများ၊ တစ်ဧကချင်းအပေါ် ရေပေးဝေနိုင်မှုနှင့် ရေတင်အဆင့်အလိုက်ကုန်ကျစရိတ်များ၊ နှစ်စဉ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးသည့် သီးနှံပုံစံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သီးထပ်စွမ်းအားတိုးတက်ရေး၊ ရေကိုအကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် အဆင့်မြင့်လယ်ယာမြေစနစ်ဖော်ဆောင်ရန် အခွင့်အလမ်းများနှင့် လိုအပ်ချက်များ၊ ဧရာဝတီမြစ်မှရေကို အဆင့်ဆင့်တင်ယူ၍ ရေပေးမြောင်းမကြီးတစ်လျှောက် ပို့လွှတ်ပေးရခြင်းကြောင့် ရေတင် အဆင့်မြင့်လာသည်နှင့်အမျှ ရေလိုအပ်ချက်နည်းသည့် သီးနှံများ စိုက်ပျိုးရန်လိုအပ်ချက်များ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ သီးနှံများ ပါဝင်သည့် သီးနှံပုံစံများကို စမ်းသပ်စိုက်ပျိုးကြရန်နှင့် အစုအဖွဲ့ဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားကြရန် ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြစ်ရေတင်စီမံကိန်းကြောင့် ဒေသ၏လူမှုစီးပွားပြောင်းလဲတိုးတက်လာမှု၊ ဝမ်းစာဖူလုံမှု အခြေအနေများကို မေးမြန်းဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ညောင်ပင်ကန်၊ ချောင်းရှည်၊ လက်ပံခြေပေါ်၊ အင်ပင်ဝကျေးရွာတို့မှ မြေပဲ၊ နှမ်းစိုက်တောင်သူများအား ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ၌ တွေ့ဆုံ၍ အပူပိုင်းဒေသစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများနှင့် တောင်သူစဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ဖော်ဆောင် နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး မှိုစိုက်ပျိုးနည်း၊ မြေဆွေးထုတ်လုပ်နည်း၊ အပူပိုင်းဒေသ သီးနှံစိုက်ပျိုးထုတ်လုပ်နည်းပညာပေးဗီဒီယိုများ ပြသသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တိုင်းရင်းကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူနှစ်သက်ပြီး ဈေးကောင်းရသည့် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းများ တိုးပွားလာစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ ဝိုင်းဝန်းကြိုးပမ်းကြရန်နှင့် စုပေါင်းဆောင်ရွက်သည့် သမဝါယမလုပ်ငန်းအဖြစ် လုပ်ကိုင်လိုပါက သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်မှုမြင့်မားရေး၊ သီးနှံပုံစံမှန်ကန်ရေးနှင့် တောင်သူအကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံပုံစံချမှတ်ပေးနိုင်ရေး ဆွေးနွေးခဲ့သည်။