အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဝန်ထမ်းများ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းသားသမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများကို ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်းအမှုထမ်းများ၊ ဂုဏ်ထူးရထူးချွန် ကျောင်းသား ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ၊ ထူးချွန်ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် မိမိတို့ဝန်ထမ်းသားသမီးများ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှုတွင် ဖြေဆိုသူ ၈၀၁ ဦး ရှိသည့်အနက် အောင်မြင်သူ ၅၇၄ ဦး (၇၂ ရာခိုင်နှုန်း) ရှိပါကြောင်း၊ ၎င်းတို့အနက် အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းတက်သူ ၆၃၄ ဦး၊ အောင်မြင်သူ ၄၀၆ ဦးရှိပြီး အောင်ချက် ၆၄ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းတို့အနက် ဂုဏ်ထူးများဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ ၉၆ ဦး (၁၇ ရာခိုင်နှုန်း)ရှိသည်ကို တွေ့ရှိရပါကြောင်း၊ လုံးဝကျူရှင်မယူဘဲ ဂုဏ်ထူးတစ်ဘာသာရသူ ခြောက်ဦး၊ ဂုဏ်ထူးနှစ်ဘာသာ ရရှိသူနှစ်ဦး ပါဝင်သည်ကိုလည်း ထူးခြားစွာတွေ့ရပါကြောင်း။

အခြေခံပညာ အထက်တန်းအဆင့် Grade-12 ကို ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိဘဆရာများ၏ ဆုံးမသွန်သင်ပြုစုပျိုးထောင်ပေးသော ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့ပြီး မိမိကိုယ်ကိုအမြဲထူးချွန်အောင်၊ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားစေလိုကြောင်း၊ ဆက်လက်ပြီး မိမိဝါသနာပါရာ ဘာသာရပ်များကို စနစ်တကျစဉ်းစားရွေးချယ်၍ ဆက်လက်လေ့လာ သင်ယူကာ မိမိကျွမ်းကျင်ရာနယ်ပယ်မှာ အသိတရား၊ ဆင်ခြင်တုံတရား၊ ပညာဉာဏ်စွမ်းအားများဖြင့် မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံနှင့်ပြည်သူ့အကျိုးများကို သယ်ပိုးထမ်းရွက်နိုင်ကြစေရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးစတုတ္ထရရှိသူတစ်ဦးအပါအဝင် ခြောက်ဘာသာဂုဏ်ထူးရှင် ၂၃ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၀၊ လေးဘာသာဂုဏ်ထူးရှင် ၂၁ဦး၊ သုံးဘာသာဂုဏ်ထူး ရှင် ၂၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၃ ဦး၊ တစ်ဘာ သာဂုဏ်ထူးရှင် ၆၅ ဦး စုစုပေါင်း ဂုဏ်ထူးများဖြင့် အောင်မြင်သူ ၁၈၅ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုငွေသားများ ချီးမြှင့်ပေးအပ်ကြသည်။

အလားတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်သည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုများရရှိခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုငွေသားများ ချီးမြှင့်ပေးအပ်ပြီး အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူစေပြီး ဂုဏ်ထူးရှင် ကျောင်းသား ကျောင်းသူ သားသမီးများဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ကြသော မိဘ(ဝန်ထမ်း)များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။