အဓိကအကြောင်းအရာသို့ သွားမည်
x

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ကာလအတွင်း စည်းကမ်းချက်နှင့်အညီ အပြည့်အဝ စိုက်ပျိုးမွေးမြူလုပ်ကိုင်ဆောင်ရွက်အသုံးပြုရန်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေး

နေပြည်တော် ဇူလိုင် ၁၀

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၄)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဗဟိုကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရန်ခွင့်ပြုပေးထားသည့်မြေများကို စနစ်တကျအသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းသည် ဆက်စပ်လျက်ရှိပြီး နိုင်ငံ့ GDP တိုးတက်ရေးနှင့် ဆက်စပ်မှုများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် မြေယာနှင့် မြေလွတ်မြေရိုင်း အသုံးချမှုများကိုလည်း တည်ဆဲဥပဒေနှင့်အညီဆောင်ရွက်ရန် နိုင်ငံတော်အစိုးရက လမ်းညွှန်မှုပြုထားပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ကာလအတွင်း စည်းကမ်းချက်နှင့်အညီ အပြည့်အဝစိုက်ပျိုးမွေးမြူလုပ်ကိုင်ဆောင်ရွက် အသုံးပြုရန်အတွက် ကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးကြရန် လိုအပ်ကြောင်း။

စနစ်တကျစိစစ်ခွင့်ပြုပေး

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပြဋ္ဌာန်းပြီးနောက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက စုစုပေါင်းမြေဧရိယာ ၂၇၄၁၂၇၉ ဧကကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များချထားပေးခဲ့သော်လည်း သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိသည့် မြေဧရိယာ ၁၅၉၉၃၆၄ ဧကကို ပြန်လည် သိမ်းဆည်းခဲ့ရကြောင်း၊ ထိုကဲ့သို့ ပြန်လည်သိမ်းဆည်းရန် ဆောင်ရွက်ရသည့်လုပ်ငန်းရပ်များအတွက် အသုံးပြုရသည့် အချိန်နှင့်ငွေကြေးကို ချွေတာနိုင်စေရန် မိမိတို့ကော်မတီနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများအနေဖြင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာ သူ၏ အမှန်တကယ်အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် ဧရိယာပမာဏကို စနစ်တကျ စိစစ်ခွင့်ပြုပေးရန် လိုအပ်ကြောင်း။

အလားတူ ယခင်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ မြေခွန်တော်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးနောက် ကောက်ခံရမည့်နှစ်စဉ်ကြေး မြေခွန်စည်းကြပ်ကောက်ခံနိုင်ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြေခွန်တော် ကြွေးကျန်ဖြစ်ပေါ်ခြင်းနှင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါကဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားသည့်မြေကို ပြန်လည်သိမ်းဆည်းခြင်း၊ ပေးသွင်းထားသောအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းများအပြင် တည်ဆဲဥပဒေများအရ တိတိကျကျအရေးယူဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကိုတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။

ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၄)ကြိမ်မြောက် အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက သဘောထားမှတ်ချက်ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာမှုများအပေါ် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။