အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ရွက်ဖျန်းမြေဩဇာသုတေသနပြုစမ်းသပ်၊ သက်တမ်းရက် ၁၁၀ အောက်စပါးမျိုးများ နှိုင်းယှဉ်လေ့လာ

နေပြည်တော် ဇူလိုင် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ဆောင်ရွက်လျက်ရှိသည့် ဘက်စုံသုံးဟူးမစ်ရွက်ဖျန်းအပင် အားဆေးရည်များ၏ အကျိုးသက်ရောက်မှုကို လေ့လာစမ်းသပ်ခြင်းသုတေသနနှင့် သီးထပ်စွမ်းအားတိုးတက်ရေးအတွက် သက်တမ်းရက် ၁၁၀ အောက် စပါးမျိုးများ မျိုးစပ်မွေးမြူရန်အတွက် မိဘမျိုးများအဖြစ် အသုံးပြုရန် နှိုင်းယှဉ်လေ့လာခြင်း သုတေသနလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဟူးမစ်အပင်အားဆေးကို အသုံးပြုခြင်းကြောင့် အပင်၏ ကြီးထွားမှုနှင့် အမြစ်များ၏ ဖွံ့ဖြိုးမှုကောင်းကာ အပင်အာဟာရဓာတ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေကြောင်း၊ အဆိုပါ ရွက်ဖျန်းအပင်အားဆေးကို အသုံးပြုခြင်းဖြင့် မူလမြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များ စုပ်ယူမှုအပေါ် အကျိုးသက်ရောက်မှုနှင့် အပင်ကစုပ်ယူသွားသည့် မြေတွင်းအာဟာရဓာတ်များ မျှတစွာပြန်လည်ဖြည့်တင်းပေးနိုင်ရေးကိုပါ သုတေသန ပြုလေ့လာသွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးမည့်သီးနှံပုံစံတွင် သက်တမ်းတိုစပါးမျိုးများ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုး‌စေ့ဘဏ်၌ စုဆောင်းထားရှိသည့် သက်တမ်း ၁၁၀ အောက် စပါးမျိုးများ၏ မျိုးတစ်မျိုးချင်းကို နှိုင်းယှဉ်လေ့လာခြင်း စမ်းသပ်ကွက်များနှင့် သုတေသန မှတ်တမ်းကောက်ယူရာတွင် ပိုမိုအဆင်ပြေ လွယ်ကူစွာကောက်ယူနိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပညာရှင်များက QR code များပေး၍ မှတ်တမ်းထားကာ ဆန်းသစ်တီထွင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုလေ့လာသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဆန်စပါး၊ ဆီထွက်သီးနှံ၊ ဝါ၊ ပြောင်းနှင့် နှံစားသီးနှံ၊ ဟင်းသီး ဟင်းရွက်သီးနှံ သုတေသနဌာနများမှ အပင်မျိုး မွေးမြူရေးပညာရှင်များနှင့်တွေ့ဆုံ၍ အပင်မျိုးစပ်မွေးမြူခြင်းလုပ်ငန်းတွင် မိဘမျိုးရွေးချယ်ရေးအောင်မြင်မှုအတွက် အဓိကကျသောမိဘမျိုးများ မွေးမြူထားရှိရေး၊ ဇီဝနည်းပညာဖြင့် မျိုးမွေးမြူရေး၊ မျိုးထွန်းနည်းဖြင့် မျိုးမွေးမြူရေးတို့ကို စဉ်ဆက်မပြတ် စီမံချက်စနစ်တကျချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပညာရှင်များအနေဖြင့် ဘာသာရပ်အလိုက် စဉ်ဆက်မပြတ်လေ့လာခြင်းနှင့် လိုအပ်ချက်များအပေါ် အခြေခံကာ အကောင်းဆုံးသုတေသနရလဒ်များ ရရှိအောင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။