အဓိကအကြောင်းအရာသို့ သွားမည်
x

မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်ရေး စီမံဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသ နို့စားနွားမွေးမြူရေးလုပ်ငန်းနယ်မြေ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနယ်မြေ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များတက်ရောက်၍ တမာ၊ မန်ကျည်း၊ မဲဇလီ စသည့်လေကာပင် ၅၀၇ ပင် စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှင်းလင်းဆောင်၌ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နို့စားနွားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်ရှိ မြို့ကြီး ရေလှောင်တမံဘက်စုံစီမံကိန်းသို့ ရောက်ရှိကြပြီးတမံအတွင်း ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် ရေသောက်စနစ်များမှတစ်ဆင့် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးအတွက် အကျိုးပြုဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးကာ တည်ဆောက်ဆဲ ကျိုင်းခမ်းရေလှောင်တမံမှ ရေလွှဲပေးပို့သည့် ရေများကို ဇော်ဂျီရေလှောင်တမံမှတစ်ဆင့် မြို့ကြီးရေလှောင်တမံသို့ ရေကူပေးပို့ထားရှိသဖြင့် ဝင်ရေစုဆောင်း သိုလှောင်နိုင်မှုပမာဏအရ မူလစီမံကိန်းရည်ရွယ်ချက်ပါအတိုင်း ပန်းလောင်ရေသောက်စနစ်သို့ ရေပို့လွှတ်နိုင်မည့် ရေသွယ်လမ်းကြောင်း ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အကြိုစူးစမ်းလေ့လာမှုများဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနများအနေဖြင့် မိတ္ထီလာခရိုင်အတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသည့် သီးနှံစိုက်ပျိုးဧကနှင့်အထွက်နှုန်းများကို စာရင်းပြုစုကောက်ယူ မှတ်တမ်းထားရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ကင်းတားဆည်ရေ တိုးချဲ့ပေးဝေပြီးနောက် တိုးတက်လာမည့် စိုက်ဧရိယာနှင့်အထွက်နှုန်းကို နှိုင်းယှဉ်လေ့လာပြီး ဒေသ၏စိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံသွားရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

မြို့ကြီးရေလှောင်တမံအနေဖြင့် မြို့ကြီးမြောင်းမတော် အမှတ်(၁)မှတစ်ဆင့် ကင်းတားလက်ယာမြောင်း၏ ရေသောက်စနစ်သို့ ရေကူဖြည့်တင်းပေးလျက်ရှိပြီး ယခုအခါ ကင်းတားရေလွှဲဆည်မှ ရေရယူနေရသည့် ပန်းလောင်ရေသောက်စနစ်သို့ မြို့ကြီးရေလှောင်တမံမှ ရေပို့လွှတ်နိုင်ရန် ပန်းလောင်ရေသွယ်မြောင်း ဖောက်လုပ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကာ အဆိုပါစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက ကင်းတားဆည်ရေများကို ကင်းတားလက်ဝဲမြောင်းမှတစ်ဆင့် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းဒေသသို့ စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအနီးရှိ ကင်းတားရေလွှဲဆည်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကင်းတားလက်ဝဲမြောင်းမကြီးမှ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် တိုးချဲ့ဆောင်ရွက်မည့် ပဏာမစူးစမ်းလေ့လာနေမှုလုပ်ငန်းများနှင့် အမြင့်ပိုင်းစိုက်ပျိုးမြေများ ရေရရှိရေးအတွက် ရေတင်ပေးနိုင်မည့် ရေတင်စီမံကိန်းအသစ်ဆောင်ရွက်ရန်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။