စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေး
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပြောကြား
အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးနည်းပညာနှင့် အသိပညာပေးလုပ်ငန်းများကို သမားရိုးကျပညာပေးရေး နည်းလမ်းများအပြင် နိုင်ငံတကာ၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology – ICT) ကို စနစ်တကျ အသုံးချနိုင်ရေးအားပေးမြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြရန် အရေးကြီးကြောင်း၊ ကွန်ပျူတာအသုံးပြု ဒစ်ဂျစ်တယ်မီဒီယာထက် မိုဘိုင်းဖုန်းအခြေခံ လူမှုကွန်ရက် မီဒီယာနည်းလမ်းများကို လူတန်းစားအလွှာစုံက ပိုမိုအသုံးပြုသည့်အတွက် အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက်များဖြင့် နည်းပညာများ၊ အသိပညာများနှင့် သတင်းအချက်အလက်များကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ အလွယ်တကူရယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ဆွေးနွေးပြောကြားသည်။
ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပညာရှင်များက စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်စေရန် ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအသုံးပြုနေသော အွန်လိုင်းပညာပေးခြင်း လုပ်ငန်းအမျိုးမျိုးနှင့် အွန်လိုင်းပညာပေးရေးလုပ်ငန်းများ၏ အကျိုးသက်ရောက်မှုများ၊ အွန်လိုင်းပညာပေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သောလုပ်ငန်းများ၊ နည်းလမ်းများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲသို့ ကိုယ်တိုင်ပါဝင်တက်ရောက်လာကြသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ Zoom ဖြင့် တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းခြင်း၊ အကြံပြုသုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများအတွက် နည်းပညာနှင့် အသိပညာပေးလုပ်ငန်းများအပြင် လုပ်ငန်းခွင် အခက်အခဲများ၊ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်နှင့် သတင်းအချက်အလက်များကို အချိန်မီဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လစဉ်စကားဝိုင်းဆွေးနွေးပွဲကိုများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။