အဓိကအကြောင်းအရာသို့ သွားမည်
x

Instructional Video ရိုက်ကူးရေးဆရာဖြစ် သင်တန်းဖွင့်လှစ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကို လက်ခံတွေ့ဆုံ

Instructional Video ရိုက်ကူးရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး တက္ကသိုလ် သင်တန်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ၊ Aller Aqua Group မှ   တာဝန်ရှိသူများနှင့်  Rain  Media Company မှ သင်တန်းနည်းပြ ဆရာများ၊  ဦးစီးဌာနများ၊ တက္ကသိုလ်များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များအနေဖြင့် လယ်ယာသီးနှံ သားငါးများကို စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံ ပိုလျှံရေးကိုရည်ရွယ်၍ တောင်သူများနှင့် လုပ်ငန်းရှင်များထံသို့ နည်းပညာများ အသိပညာနှင့် သတင်းအချက်အလက်များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်အတွက် Instructional Video များ ရိုက်ကူးပြီး တစ်နိုင်ငံလုံး လွှမ်းခြုံထားသည့် မိုဘိုင်း ဖုန်းကွန်ရက် အသုံးပြု လူမှုမီဒီယာများမှ တစ်ဆင့် ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေး သုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို တင်ပြသည်။

သင်တန်းကို သြဂုတ်လ  ၂ ရက်မှ ၄ ရက်အထိ သုံးရက်ကြာ ကျင်းပမည့် Instructional Video ရိုက်ကူးရေး ဆရာဖြစ်သင်တန်းကို Aller Aqua Group က ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ  ဦးစီးဌာန၊ တက္ကသိုလ်များမှ သင်တန်းသား၊ သင်တန်းသူ  ၅၄  ဦးတို့ တက်ရောက်လေ့လာလျက်ရှိကြောင်း၊ သင်တန်း တက်ရောက်ပြီးနောက် Video စုစုပေါင်း ၁၅၇ ခုကို သက်ဆိုင်ရာ ဌာနများက    ဦးစားပေး အစီအစဉ်အလိုက် စီစဉ်ရိုက်ကူး ဖြန့်ဝေခြင်းကို    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် မစ္စတာ အလက်စ်ဇန်းဒါးဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ နေပြည်တော်တွင် သဘာဝမြေသြဇာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်ရေး စီမံကိန်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဆိုင်ရာ လုပ်ငန်းများတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။