အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပဲခူးတိုင်းဒေသကြီးအတွင်း ရေလွှဲပေါက်များနှင့် ရေတံခါးများ ကြည့်ရှုစစ်ဆေး

နေပြည်တော် သြဂုတ် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပဲခူး-စစ်တောင်း တူးမြောင်းရှိ ရေလွှဲပေါက်များမှ ရေထုတ်မှုနှင့် ပဲခူး-စစ်တောင်း တူးမြောင်း၏ အဓိကရေလွှဲပေါက်ဖြစ်သော တာမိုင် (၆/၂) ရှိ ပုဂံညောင်ပင် ရေလွှဲပေါက် ရေလွှဲထုတ်မှုတို့ကို သြဂုတ် ၅ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

အလားတူ ပဲခူး-စစ်တောင်း တူးမြောင်း တာမိုင် (၁/၄) တွင် တည်ဆောက်ထားသော အကျယ် ၅ ဒသမ ၅ ပေ ရေထွက်ပေါက် ၃၄ ပေါက်ရှိ ကျိုက်ပဒိုင်ရေလွှဲပေါက်ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ နွေစပါးကို နှစ်သီးစိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကျိုက်ပဒိုင်ကွင်းဒေသ၌ ပထမနွေစပါး စောစောစိုက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ရေတံခါးများကိုထိန်းညှိ၍ ရေထုတ်နုတ်ခြင်းအား အချိန်ကိုက်ဆောင်ရွက်နိုင်ရေး၊ ပထမနွေစပါးမရိတ်သိမ်းမီ ကြိုတင်ပျိုးထောင်၍ ဒုတိယနွေစပါးပျိုးသက်ရရှိရေးချိန်ဆ စိုက်ပျိုးကြရန် တောင်သူများကို အကြံပြုဆွေးနွေးမှာကြားသည်။

ကျိုက်ပဒိုင် ရေလွှဲပေါက်လွှဲထုတ်ရေများသည် အောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ပဲခူးမြစ် အရှေ့ဘက်ကမ်းပေါ်တွင် တည်ဆောက်ထားသော အကျယ်ခြောက်ပေ ရေတံခါး ၃၇ ပေါက်ရှိသော ပိုင်ကျုံရေထိန်းတံခါးမှတစ်ဆင့် ပဲခူးမြစ်အတွင်းသို့ တိုက်ရိုက်ရေထုတ်လွှတ်လျက်ရှိသည်။

ဆွေးနွေးမှာကြား

ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများထိခိုက်ပျက်စီးမှု သက်သာစေရေးနှင့် ဒေသ၏စိုက်ပျိုးထုတ်လုပ်မှုလျော့ကျခြင်း မဖြစ်ပေါ်စေရေး ကွင်းဆင်း ဆောင်ရွက်စဉ် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးနစ်မြုပ်လျက် ရှိသော စိုက်ပျိုးမြေများ အမြန်ပြန်လည်ပေါ်လာစေရေး၊ ပဲခူး-စစ်တောင်း တူးမြောင်းအဆုံးရှိ တာဝရေတံခါး (Tawa Lock Gate) မှ တူးမြောင်းရေများလျှော့ချခြင်းကို ဂရုပြုစီမံဆောင်ရွက်ရန်နှင့် လိုအပ်သော ကူညီပံ့ပိုးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။