အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် အများပြည်သူလေ့လာနိုင်ရန် ရှားပါးပရဆေးပင်များ စိုက်ပျိုးပြသ

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းက နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆေးဖက်ဝင်ပရဆေးပင်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ငှက်ဖျားရောဂါ၊ အဆုတ်(တီဘီ)ရောဂါစသည့် မြန်မာနိုင်ငံ၌ အဖြစ်များသော ရောဂါကြီး(၆)မျိုးနှင့် သက်ဆိုင်သော ပရဆေးပင်များကို အဓိကစိုက်ပျိုးပြသထားမှုနှင့် မိမိတို့ဝန်ကြီးဌာနက ငှက်ဖျားနှင့် အဆုတ်(တီဘီ) ရောဂါကြီး(၂)မျိုးနှင့်သက်ဆိုင်သော ပရဆေးပင်များ၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ရှားပါးပရဆေးပင်များကို စိုက်ပျိုးပြသထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနက တာဝန်ယူစိုက်ပျိုး ပြသထားသည့် ပရဆေးပင်များကို စိုက်ကွက်၊ ပြကွက်တစ်ခုချင်းအလိုက် သတ်မှတ်ထားသော အမျိုးအစားများကို အဆင့်မီစိုက်ပျိုးပြသနိုင်ရေး ပြုပြင်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးပညာတတ်ကျွမ်းသူများက စီမံဆောင်ရွက်နေခြင်းဖြစ်၍ အောင်မြင်စိုက်ခင်းများ၊ ပြကွက်များဖြစ်အောင်စီမံသွားရန်၊ တိုင်းရင်းဆေးဝါးပင်နှင့်ပတ်သက်သော ဗဟုသုတများကို တစ်နေရာတည်းတွင် ပြည်သူများ စုံစုံလင်လင် လေ့လာနိုင်ကြစေရန်နှင့် ရာသီအလိုက် အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် နေ့စဉ်စားသုံးနေသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပင်များကို သတိပြုနိုင်အောင် စိုက်ပျိုးပြသခြင်းအပြင် ငှက်ဖျားနှင့် အဆုတ်(တီဘီ) ရောဂါများနှင့်ဆိုင်သော ပရဆေးပင်တစ်မျိုးချင်း၏ သိမှတ်ဖွယ်ရာများပါ စုဆောင်းဖော်ပြသည့် လက်ကမ်းစာစောင်များထုတ်ဝေရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပရဆေးဥယျာဉ်အတွင်း ဝန်ကြီးဌာနမှ စိုက်ပျိုးပြသထားသည့် ငှက်ဖျားရောဂါပျောက် တိုင်းရင်းပရဆေးပင်များ၊ အဆုတ်(တီဘီ) ရောဂါ ပျောက် တိုင်းရင်းပရဆေးပင်များ၊ တိုင်းဒေသကြီး ပြည်နယ်များမှ စုဆောင်းထားရှိသော ပရဆေးပင်များ၊ ဆေးဖက်ဝင်သစ်ခွနှင့် ဂမုန်းပင်များ၊ ရာသီစာသီးနှံပင်များ၊ နှစ်ရှည်ပင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။