အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးသုတေသနဆိုင်ရာ မူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရန်အတွက် မျိုးရင်းမျိုးစစ်များထိန်းသိမ်းခြင်း၊ မျိုးပွားခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ မွေးမြူရေးသုတေသနစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ သုတေသနစခန်း၌ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်အတွင်း ယူရီးယား(Urea Molasses Multi- nutrient Block,UMMB)ကို စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများအသုံးပြု၍ ဖော်မြူလာအမျိုးမျိုးဖြင့် ဖော်စပ်ကျွေးမွေးခြင်းနှင့် သန်ချဆေး(Fenbendazole) ရောနှောကျွေးမွေးခြင်းတို့၏ စားမြုံ့ပြန်သတ္တဝါများတွင် သန်ကောင်ရောဂါနှိမ်နင်းနိုင်စွမ်းနှင့် ကြီးထွားနှုန်းတို့အပေါ် အကျိုးသက်ရောက်မှုများကို သုတေသနပြုဆောင်ရွက်လျက်ရှိပြီး နေပီယာ၊ ရိုဇီ၊ မွန်ဘားဆား၊ မူလာတိမြက်မျိုးများ မူလမျိုးရင်းနှင့် စပ်မျိုးပင်ပွားမျိုးတို့၏ အထွက်နှုန်းနှင့် အာဟာရတန်ဖိုးများ၊ မြန်မာနိုင်ငံ၏ ဒေသနွားများဖြစ်ကြသည့် နွားရွှေနီနှင့် နွားပြာစိမ်းတို့၏ မျိုးဗီဇလက္ခဏာ (genotypic)များကို နှိုင်းယှဉ်လေ့လာခြင်းတို့ကိုလည်း သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်၏ စာသင်ဆောင်များ၊ ကျောင်းသားအိပ်ဆောင်များနှင့် ကျောင်းသူအိပ်ဆောင်များ၊ သရုပ်ပြမွေးမြူရေးခြံများ၊ ဒေသနွား၊ နို့စားနွား၊ တိုင်းရင်းကြက်၊ ဝက်နှင့် မြင်းများ မွေးမြူထားရှိမှု၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒဌာန သုတေသနခြံနှင့် တိရစ္ဆာန်ကုဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။