ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ဆီထွက်သီးနှံများနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ နို့စားနွားတိုးချဲ့မွေးမြူရေးဆောင်ရွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့်ဦးဟန်သူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကို နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌တွေ့ဆုံ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းများ၊ နေကြာသီးနှံနှင့် ဝါသီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ မေထုန်မဲ့ သားစပ်လုပ်ငန်းများဖြင့် နို့စားနွားတိုးချဲ့မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်စေရန် နေကြာသီးနှံကိုသီးညှပ်စိုက်ခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ နေကြာသီးနှံစိုက်ပျိုးခြင်းကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှင့်ဆောင်းစိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက်တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးရာတွင် နေကြာပွင့်များ အစေ့အဆန်ပြည့်အောင်မြင်ပြီး ဆီထွက်နှုန်းကောင်းမွန်စေရန်အတွက် ဝတ်မှုန်ကူးစက်မှုကို အကျိုးပြုပေးသော ပျားမွေးမြူရေးကို တောင်သူများတွဲဖက်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ချည်မျှင်ရှည်ဝါတိုးချဲ့ စိုက်ပျိုးခြင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိနှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး ဝါစိုက်ဧက ၇၀၀၀၀၀ စိုက်ပျိုးသွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းနို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုမြင့်မားလာစေရေးနှင့် ပြည်ပမှနို့ထွက်ပစ္စည်းများ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များတွင် မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီးနှံအလိုက် မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် သွင်းအားစုများ သုံးစွဲနိုင်ရန်နှင့် စိုက်ပျိုးရေရရှိရေးနည်းလမ်းများ အသုံးပြုရာတွင် နည်းပညာလိုအပ်ချက်များ မိမိတို့ဝန်ကြီးဌာနမှ ကူညီဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်နွေစပါး၊ မိုးစပါးအပြင် နှံစားသီးနှံ၊ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ ဥယျာဉ်ခြံသီးနှံနှင့် ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်၊ ဆီထွက်သီးနှံ နေပြည်တော်ဇုန်အနေဖြင့် တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဝါသီးနှံကိုလည်း နေပြည်တော်ဇုန်အနေဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာပေးဆောင်ရွက်မှုများကိုလည်း နေပြည်တော်အဆင့် နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးရေးကော်မတီဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက နွေစပါး၊ မိုးစပါး စီမံကိန်းနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မေထုန် မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားတိုးချဲ့မွေးမြူ ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။