အဓိကအကြောင်းအရာသို့ သွားမည်
x

တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုတွင် ဆီထွက်ရှိမှုပမာဏ အများဆုံးဖြစ်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်

မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ရေမြေအခြေအနေပေးသည့်ဒေသများကို အခြေပြု၍ သီးနှံအလိုက် ပန်းတိုင်အထွက်ရရှိသည့် တောင်သူဦးရေ တိုးပွားလာစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိသည့် ဧရိယာတိုးတက်လာစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးပြီး ဒေသ၏စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဝါသီးနှံစိုက်ပျိုးမှု မြှင့်တင်နိုင်ရေးအတွက် တောင်သူလယ်သမားများနှင့်ပတ်သက်သည့် လူမှုစီးပွားရေးနှင့် သီးနှံဆိုင်ရာ စစ်တမ်းကောက်ယူခြင်း သုတေသနပြုခြင်းလုပ်ငန်းများကို လူငယ်စိုက်ပျိုးရေးပညာရှင်များအပါအဝင် သက်ဆိုင်ရာဌာနများ စုပေါင်းဆောင်ရွက်ကြစေ လိုကြောင်း။

အလားတူ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် တောင်သူအကြိုက် အခြားဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေဘဲ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုတွင် ဆီထွက်ရှိမှုပမာဏအများဆုံး သီးနှံဖြစ်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို စနစ်တကျ စီမံဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် ဆီထွက်ပဲပုပ်သီးနှံကိုလည်း စမ်းသပ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ ရွှေပြည်သာဆီစက်၏ ဆီကြမ်းနှင့် စားသုံးဆီသန့်ထုတ်လုပ်နေမှု၊ ပဲပုပ်ဆီထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေများကို မေးမြန်းဆွေးနွေးကာ ဆီစက်၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုစွမ်းအားမြှင့်တင်နိုင်ရေးအတွက် အခြားဆီထွက်သီးနှံများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး အားပေးပြောကြားသည်။

အလားတူ မကွေးမြို့သစ် ပွဲကြိုရပ်ကွက်ရှိ ပုဂ္ဂလိက တမာပိုးသတ်ဆေးစက်ရုံကို ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။