အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရေဆင်းရေလှောင်တမံ ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့မွန်းလွဲပိုင်းတွင် ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ယခုနှစ်အတွင်း မိုးရွာသွန်းမှု၊ ရေဝင်ရောက်မှုအခြေအနေများနှင့် နွေသီးနှံစိုက်ပျိုးရန် လျာထားဆောင်ရွက်မှုအခြေအနေများ၊ တမံကြံ့ခိုင်မှုအတွက် စောင့်ကြည့်လေ့လာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ရေဆင်းရေလှောင်တမံတွင် ဩဂုတ် ၃၁ ရက်အထိ မိုးရေချိန် ၄၃ ဒသမ ၈၈ လက်မ ရွာသွန်းခဲ့ပြီး တမံအတွင်း ဧကပေ ၄၉၀၀၀ ခန့်သိုလှောင်ထားရှိကြောင်းနှင့် သိုလှောင်မှုအရ ရေအနက် ၈၉ ဒသမ ၅၇ ပေ သိုလှောင်ထားရှိပြီး ကန်ရေပြည့်ရောက်ရန် ၉ ဒသမ ၄၃ ပေ လိုအပ်သည်။ ယခင်နှစ်ကာလတူ ပမာဏထက် မိုးရေချိန် ၂၀ ဒသမ ၈၃ လက်မ၊ စီးဝင်ရေ ၃၀၀၇၁ ဧကပေ၊ ရေသိုလှောင်မှု ဧကပေ ၃၅၀၄၀၊ ရေမှတ်အမြင့် ၂၃ ဒသမ ၃၇ ပေ ပိုမိုသိုလှောင်ထားရှိ၍ ရေဆင်းရေလှောင်တမံသည် ၂၀၁၇ ခုနှစ်အတွင်း ကန်ရေပြည့်ရေသိုလှောင်နိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ပုံမှန်ရေဝင်ရောက်မှုသာရှိခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်အတွင်း ရေဝင်ရောက်မှုများ ပိုမိုကောင်းမွန်မှုရှိကြောင်းသိရပြီး ရေဆင်းရေလှောင်တမံမှ ယခင်နှစ်သိုလှောင်ရေအရ နွေရာသီတွင် နွေစပါး ၁၅၈၃ ဧကနှင့် နွေသီးနှံ (နှမ်း၊ ပဲတီစိမ်း၊ နေကြာ) ဧက ၂၅၈၀ စိုက်ပျိုးခဲ့ကာ တမံအတွင်း လက်ရှိသိုလှောင်ထားရှိမှုအခြေအနေအရ နွေစပါးဧက ၃၀၀၀ ခန့်နှင့် ဆီထွက်သီးနှံ ဧက ၄၅၀၀ ခန့် စုစုပေါင်းဧက ၇၅၀၀ စိုက်ပျိုးရန် လျာထားစီမံဆောင်ရွက်လျက်ရှိ၍ ယခင်နှစ် စိုက်ပျိုးမှုထက် ၂ ဒသမ ၅ ဆခန့် တိုးတက်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ မိုးနှောင်းကာလ ရေဝင်ရောက်မှုများ ပိုမိုခဲ့ပါက လက်ရှိမျှော်မှန်းထားသည်ထက် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။        

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရေဆင်းရေလှောင်တမံ၊ တမံကျောက်စစ်ရိုး Rock Toe၊ ရေထုတ်ပြွန်၊ ရေပိုလွှဲအဆောက်အအုံတို့၏ ကြံ့ခိုင်မှုအခြေအနေများ၊ ရေစိမ့်နှုန်းတိုင်းတာသည့် V-Notch တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရေလှောင်တမံနှင့် ဆက်စပ်အဆောက်အအုံအားလုံး ကြံ့ခိုင်မှုကောင်းမွန်ကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ကျဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်စစ်ဆေးလျက်ရှိကြောင်း သိရသည်။