အဓိကအကြောင်းအရာသို့ သွားမည်
x

တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးရေး အားပေးမြှင့်တင်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းကျောင်း၏ သင်ကြားသင်ယူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးကသင်တန်းများတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာအတတ်ပညာကို ကျွမ်းဝင်နားလည်သည့် ပညာရှင်ဝန်ထမ်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မွေးမြူရေးကဏ္ဍဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း ဖြစ်ပါကြောင်း၊ ဒေသအသီးသီးမှ လာရောက်သင်ယူလေ့လာကြသော သင်တန်းသား သင်တန်းသူများအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် မွေးမြူရေးကဏ္ဍအတွက် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး သင်တန်းသား သင်တန်းသူများအတွက် အာဟာရဖြည့်စွက်စာနှင့် ကြက်ဥများကိုပေးအပ်သည်။

ဆက်လက်၍ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများကိုတွေ့ဆုံ၍ ဒုတိယဝန်ကြီးက သင်တန်းသင်ရိုးညွှန်းတမ်းများ ခေတ်ကာလနှင့်အညီဖြစ်စေရေး၊ နည်းပညာသင်ကြားမှုနှင့်အတူ စဉ်ဆက်မပြတ်လေ့လာမှု အလေ့အကျင့်နှင့် ကျွမ်းကျင်မှုအရည်အသွေးမြှင့်တင်နိုင်ရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ ဆရာ ဆရာမများကိုယ်တိုင် သင်ကြားရင်းလေ့လာ၊ လေ့လာရင်းသင်ကြားခြင်းဖြင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကြည့်မြင်တိုင်မြို့နယ် ရွှေဇင်ယော်ဟိန်း ငါးတင် ငါးချဆိပ်ကမ်းတွင် ဖမ်းဆီးရမိသော ငါးပုစွန်များ တင်ပို့ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စားသုံးသူဘေးကင်းလုံခြုံရေး၊ ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို တိကျစွာလိုက်နာဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ငါးတင် ငါးချဆိပ်ကမ်း ၁၁ ခုရှိပြီး ရွှေဇင်ငါးချဆိပ်ကမ်းသည် EU တင်ပို့ခွင့်ရအသိအမှတ်ပြုခံရသည့် နိုင်ငံတကာအဆင့်မီငါးတင် ငါးချဆိပ်ကမ်းတစ်ခုဖြစ်၍ ရွှေဇင်ယော်ဟိန်း ငါးတင် ငါးချဆိပ်ကမ်းတွင် အခြေပြုလုပ်ကိုင်နေသော ငါးဖမ်းသင်္ဘော ၂၂၇ စင်း၊ ငါးသယ်ရေယာဉ် ၂၁ စင်း စုစုပေါင်း ၂၄၈ စင်းရှိကာ ၎င်းဆိပ်ကမ်းတွင် ငါးသယ်ရေယာဉ်များ သယ်ယူလာသော ငါးပုစွန်များကို ငါးချဆိပ်ကမ်းတွင် ပုစွန်အမျိုးအစား၊ အရွယ်အစား၊ ငါးအမျိုးအစား၊ အရွယ်အစားအလိုက် လေလံစနစ်ဖြင့် အအေးခန်းစက်ရုံများ၊ တင်ပို့ရောင်းချသူများအား ရောင်းချလျက်ရှိပြီး ဩဂုတ် ၃၁ ရက်တွင် တိုက်ဂါးပုစွန်နှင့် ပုစွန်အမျိုးအစား၊ အရွယ်အစားအလိုက် စုစုပေါင်းကီလို ၂၃၁၂၀၊ ငါးအမျိုးအစား အရွယ်အစားအလိုက် စုစုပေါင်း ပိဿာ ၄၈၅၀၀၊ တစ်လလျှင် ပျမ်းမျှ ငါးပုစွန် စုစုပေါင်းတန်ချိန် ၃၁၁၄ ဒသမ ၁၁ တန် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။