အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီးများနှင့် ရှမ်းပြည်နယ်မှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးများက နိုင်ငံတော်၏ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ တောင်သူနှင့် ဌာနပညာရှင်များ၊ သုတေသီများ အပြန်အလှန်ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ ခေတ်မီအွန်လိုင်းမီဒီယာအသုံးပြုနည်းပညာပြန့်ပွားရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ၊ ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး တောင်သူဝင်ငွေရသီးနှံအမယ်သစ်များ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်စေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားကြသည်။

ဆက်လက်၍ ပြည်နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့် ဆီထွက်သီးနှံအထူးဇုန်တာဝန်ခံများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း၊ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများက ဝန်ထမ်းရေးရာနှင့် လုပ်ငန်းဆိုင်ရာအခြေအနေများကိုလည်းကောင်း တင်ပြကြရာ ဒုတိယဝန်ကြီးများက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။