အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မိတ္ထီလာတောင်ကန်နှင့် မြောက်ကန်ရေသောက်စနစ်များ၏ မိုးစပါးရေပေးဝေမှု၊ ရေသောက်စနစ်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် မိတ္ထီလာကန်ရေသိုလှောင်ထားရှိမှု၊ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေသောက်စနစ်အတွင်း သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေရရှိရန် ခက်ခဲသော အချို့ဧရိယာများတွင် မြေအောက်ရေထုတ်ယူသုံးစွဲ နိုင်ရေးနှင့် စိုက်ပျိုးရေရှိနိုင်ရေး နည်းလမ်းပေါင်းစုံ ဖြင့် စီမံဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

စက်တင်ဘာ ၄ ရက်တွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် မိတ္ထီလာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၇) ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မိတ္ထီလာလွင်ပြင်စိမ်းလန်းစိုပြည်ရေး၊ မိုးစပါး၊ နွေစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နေကြာသီးနှံ ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တည်ဆောက်ပြီး ရေလှောင်တမံများနှင့် ကန်များမှသိုလှောင်ရေများကို စနစ်တကျ စီမံခန့်ခွဲပေးဝေနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ကန်များ၏ ရေဝင်ရောက်မှုအခြေအနေနှင့် ရေသောက်စနစ်များတွင် လက်ရှိသီးနှံစိုက်ပျိုးထားရှိမှု၊ တိုးချဲ့စိုက်ပျိုးနိုင်မည့်ဧရိယာများ၊ မိတ္ထီလာလွင်ပြင်ကုန်းမြင့်ပိုင်းများရှိ စိုက်ပျိုးမြေများကို ရေတင်ပေးဝေနိုင်ရေးနှင့် မြေအောက်ရေအရင်းအမြစ်များ ထုတ်ယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။