အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရာဂိမုန်တိုင်းမိုးရွာသွန်းမှုကြောင့် သာစည်မြို့နယ်ရှိ ရေလှောင်တမံ၊ ရေထိန်းတမံနှင့် ရေလှောင်ကန် ရေဝင်ရောက်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကွင်းဆင်း၍ ရာဂီမုန်တိုင်း အကြွင်းအကျန်များဖြစ်သော လေပွေလှိုင်းအရှိန်ကြောင့် ရှမ်းကုန်းမြေပြင်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ဒေသအသီးသီးတွင် ထူးကဲရေကြီး ရေလျှံမှုများ ကြုံတွေ့နေရခြင်းအပေါ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေလှောင်တမံနှင့် ဆည်ကန်ငယ်များ အန္တရာယ်မဖြစ်စေရေးအတွက် Emergency Preparedness Plan နှင့် Rules and Regulations များဖြင့် အချိန်မီစီမံဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်ရှိ စမုံချောင်းပေါ်ရှိ စမုံရေထိန်းတမံသို့သွားရောက်ပြီး တမံအတွင်းရှိ ရေဝင်ရောက်မှု၊ တမံထိပ်မှရေကျော်ကျမှုကြောင့် တမံတွင် ပေ ၂၀၀ ခန့် ရေတိုက်စားထိခိုက်ခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တမံကိုကြီးမားသောထိခိုက်မှု မဖြစ်ပေါ်စေရေးနှင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့်အပိုင်းကို အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

ခြောက်ဆကျော်ရေဝင်ရောက်

တမံအလျား ပေ ၁၄၀၀၀၊ တမံအမြင့် ၃၈ ပေရှိ စမုံရေထိန်းတမံသည် မြေသားတမံ အမျိုးအစားဖြစ်ပြီး ရေသောက်ဧရိယာ ဧက ၈၇၀၀ ကျော်ကို အကျိုးပြုလျက်ရှိကြောင်း၊ အကျယ်ပေ ၄၀၀ ရှိ ကွန်ကရစ်ရေပိုလွှဲတပ်ဆင်ထားသော်လည်း ယခုရက်ပိုင်းအတွင် ရေဝေရေလဲဒေသအတွင်း ထူးကဲမိုးရေချိန်ရွာသွန်းမှုကြောင့် တမံရေသိုလှောင်နိုင်မှု ပမာဏထက် ခြောက်ဆကျော် ရေဝင်ရောက်ခဲ့ပြီး တမံထိပ်ပေါ်ကျော်သည်အထိ ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသဖြင့် ကြီးမားသောပျက်စီး ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပေါ့ဆမှုမရှိဘဲကြိုတင်ကာကွယ်

ထို့နောက် ဒုတိယဝန်ကြီးသည် သာစည်မြို့နယ် ညောင်ရမ်းမင်းလှကန်သို့ရောက်ရှိပြီး ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှရေကျော်ကျမှု၊ ရေလှောင်တမံ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မိုးရွာသွန်းမှုကြောင့် ဝင်ရေများပြားလျက်ရှိရာ ရေပေါက် (ထူးပေါက်) များဖြစ်ခြင်း၊ ရေစိမ့်ထွက်သည့်နေရာများ စစ်ဆေးတွေ့ရှိပါကပေါ့ဆမှုမရှိဘဲ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိကြရန်၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုနှင့်ပတ်သက်၍ လိုအပ်သည့် နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက်ထားရှိနိုင်ရေး ကြိုတင်စီစဉ်ထားရန်နှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြား၍ ညောင်ရမ်းမင်းလှကန် ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေတံခါးများ၊ သဲထုတ်ရေတံခါးများ၊ ဆက်စပ်ရေအား အဆောက်အအုံများ၊ တမံကြံ့ခိုင်မှုနှင့် ရေစီးဆင်းရာလမ်းကြောင်းတစ်လျှောက် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မုန်တိုင်ရေလှောင်တမံသို့ရောက်ရှိပြီး ဝင်ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှရေကျော်ကျမှု၊ ရေလှောင်ကန်နှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။