အဓိကအကြောင်းအရာသို့ သွားမည်
x

တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ…

အေးမြင့်ဆွေ (ဆည်/ရေ)

မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များမှောင်မည်း ညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု အဆိုရှိပါသည်။

ယခုအခါတွင် အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဥတုပြောင်းလဲမှုများကြောင့် စံချိန်တင်မိုးများရွာသွန်းခြင်း၊ အချိန်အခါမဟုတ် မိုးများရွာသွန်းခြင်းကဲ့သို့ ခန့်မှန်းရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက်ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံလာနေကြရပါသည်။

ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာသည့်အခါ ရေလှောင်တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့က နားလည်မှုလွဲတတ်ကြပါသည်။ ရေလှောင်တမံများ၏ ရေပိုလွှဲမှရေများ ကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ်ကြပါသည်။ မိမိကိုယ်တိုင်လည်း ရေလှောင်တမံ ရေပိုလွှဲများအကြောင်း သေချာစွာမသိရှိရသေးခင်က ထိုသို့တွေးထင်ခဲ့ဖူး သည်ဖြစ်ရာ ဤဆောင်းပါးတွင် ရေပိုလွှဲများ၏ လုပ်ငန်းဆောင်တာ၊ အသုံးဝင်အကျိုးပြုမှုနှင့် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ခြင်းသည် စိုးရိမ်စရာအခြေအနေ တစ်ခုမဟုတ်ပါကြောင်း နားလည်သိရှိသမျှ မျှဝေဖော်ပြပေးလိုပါသည်။

ရေလှောင်တမံဆိုသည်မှာ

ရေလှောင်တမံဆိုသည်မှာ မိုးရာသီတွင် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်အတွင်းသို့ အကျိုးမဲ့စီးဆင်းသွားမည့် မိုးရေများကို စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြို့ရွာများသောက်သုံးရေဖူလုံစေရေး၊ ဒေသတစ်ခွင် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် လိုအပ်သည့် ပမာဏကိုစနစ်တကျတွက်ချက်သိုလှောင်ထားသော ရေအားအဆောက် အအုံများဖြစ်ပါသည်။ စိုက်ပျိုးရေးကို အခြေခံတည်ဆောက်ထားသော မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်နိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရေလှောင်တမံများ၏ အကျိုးပြုမှုသည် များစွာအရေးပါပါသည်။

ရေလှောင်တမံ တည်ဆောက်ရာတွင် ရေဆင်းဧရိယာတစ်ခုလုံးမှ စီးဝင်ရေအားလုံးကို တမံအတွင်း ထိန်းချုပ်သိုလှောင်မည်ဆိုပါက ကြီးမားသော တမံအရွယ်အစားအတွက် ကုန်ကျစရိတ်များပြားခြင်း၊ အောက်ဘက်မြစ်ချောင်းများအတွင်းသို့ ရေစီးဆင်းမှုရပ်တန့်သွားမည်ဖြစ်သဖြင့် မြစ်၏ ဂေဟစနစ်ပျက်စီးလာခြင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့် ရေပေးဝေမည့် စိုက်ပျိုးဧရိယာ (သို့မဟုတ်) ရေအားလျှပ်စစ်ထုတ်လုပ်မှုအတွက် လိုအပ်သော ရေပမာဏအချို့အား ထိန်းသိမ်းသိုလှောင်ရန်သာ တည်ဆောက်လေ့ရှိကြပါသည်။

ရေလှောင်တမံများ တည်ဆောက်ထားခြင်းကြောင့် ရေဆင်းဧရိယာမှ စီးဆင်းလာသော ချောင်းရေများကို တမံ၏ ကန်ရေပြည့်ပမာဏအထိ ထိန်းသိမ်းထားနိုင်ပြီး တဖြည်းဖြည်း ထိန်းညှိရေလွှတ်နိုင်မှုကြောင့် တမံအောက်ဘက် ဒေသများတွင် ရေကြီးနစ်မြုပ်ခြင်း လျော့ပါးစေရန် များစွာအထောက်အကူ ပြုနိုင်ပါသည်။ သိုလှောင်နိုင်သည့် ပမာဏထက်ကျော်သည့် တမံအတွင်း စီးဝင်ရေများမှာလည်း တမံရေဝပ်ဧရိယာသို့ စုဝင်ပျံ့နှံ့ရစ်ခွေပြီးမှ ရေပိုလွှဲမှတစ်ဆင့် ကျော်ကျစီးဆင်းရသဖြင့် ရေစီးအလျင်လျော့နည်းသွားနိုင်ပါသည်။

တမံအောက်ဘက် ဒေသများသို့ ရေရောက်ရှိရန်စီးဆင်းရချိန်လည်း ကြာမြင့်သွားမည်ဖြစ်သောကြောင့် ရေဘေးအန္တရာယ်အတွက် အချိန်ယူကြိုတင်ပြင်ဆင်နိုင်ပါသည်။ ယနေ့ခေတ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးခြင်းများကို ကမ္ဘာတစ်ဝန်းခံစားနေကြရရာတမံများကို စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်အတွက်သာမက ရေဘေးကာကွယ်ရေးအတွက် ရေထိန်းတမံများအဖြစ်လည်း ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။ မြန်မာနိုင်ငံရှိ ရေလှောင်တမံများသည်လည်း ရေထိန်းတမံများအဖြစ် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့အကျိုးပြုလျက်ရှိပါသည်။

ရေလှောင်တမံ၏ အစိတ်အပိုင်းများ

ရေလှောင်တမံတွင် အဓိကအစိတ် အပိုင်းသုံးမျိုးပါဝင်ပါသည်။ တမံကိုယ်ထည်(Dam Body)၊ ရေပိုလွှဲ (Spillway) နှင့် ရေထုတ်ပြွန် (Conduit) တို့ဖြစ်ပါသည်။

တမံကိုယ်ထည်အမြင့်ကို သတ်မှတ်ရာတွင် ထိုဒေသ၏ စီးဝင်ရေပမာဏ (Inflow)၊ ရေဝပ်ဧရိယာ၏ ရေသိုလှောင်နိုင်မှု(Area-Capacity)နှင့် အနည်ကျနှုန်း (Sedimentation Rate) များပေါ် မူတည်၍ မိမိအသုံးပြုလိုသော ရေပမာဏကို သိုလှောင်နိုင်မည့်အနက် (Full Tank Level) အပေါ်တွင် လှိုင်းဒဏ်ခံနိုင်သော ရေလွတ်အမြင့်(Free Board) ထည့်ပေါင်း၍ တမံအမြင့်ကို သတ်မှတ်ပါသည်။

သိုလှောင်ထားသည့် အသုံးပြုမည့် ရေများကို တမံကိုယ်ထည်၌ ထည့်သွင်းတည်ဆောက်ထားသော ရေထုတ်ပြွန် (Conduit)မှတစ်ဆင့် ဆည်ရေပေးမြောင်းများအတွင်းသို့ ထုတ်လွှတ်အသုံးပြုနိုင်ပါသည်။ ရေထုတ်ပြွန်အား ရေထိန်းမျှော်စင် (Control Tower)မှ ဂိတ်တံခါးဖြင့် လိုအပ်သလို ထိန်းချုပ်ဖွင့်ပိတ်နိုင်ပါသည်။ ထို့ကြောင့် ရေထုတ်ပြွန်သည်ရေလှောင်တမံ၏ ထိန်းချုပ်ဖွင့်ပိတ်နိုင်သော ရေအားအဆောက်အအုံဖြစ်ပြီး ၎င်းကိုလည်း စိုက်ပျိုးရေပေးဝေရန်အတွက်သာ ထိန်းချုပ်အသုံးပြုလေ့ရှိပါသည်။

ဤသို့ တမံအတွင်းသို့စီးဝင်ရေများအနက် အချို့ကိုသာ အသုံးပြုရန် သိုလှောင်ထားနိုင်သည် ဖြစ်သောကြောင့် ထိုလိုအပ်သော ပမာဏထက်ပိုသော ရေများ ဖြတ်သန်းစီးဆင်းသွားနိုင်စေရန် ရေအားအဆောက်အအုံတစ်ခု တမံကိုယ်ထည်တွင် တပ်ဆင်ရန်လိုအပ်လာပါသည်။ ထိုရေအား အဆောက်အအုံမှာ ရေပိုလွှဲဖြစ်ပါသည်။

ရေပိုလွှဲဆိုသည်မှာ

ရေပိုလွှဲအကြောင်း အနက်ဖွင့်ဆိုရာတွင် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ကြေးမုံသတင်းစာပါ ဆရာဘုန်းတင်လှိုင်ရေးသားခဲ့သော “ရေပိုလွှဲဆိုသည်မှာ ရေဖောက်ချရသည့် အရာမဟုတ်ဘဲ ကန်ရေပြည့် သိုလှောင်ပမာဏထက် ကျော်လွန်ပြီး စီးဝင်လာသောရေများ မူလ မြစ်/ချောင်းများထဲသို့ စီးထွက်သွားစေရန် ထည့်သွင်းတည်ဆောက်ထားသော ရေအားအဆောက်အအုံဖြစ်သည်” ဟူသော ရေးသားချက်အား ပြန်လည်မျှဝေချင်ပါသည်။ တစ်နည်းအားဖြင့် လိုအပ်သည်ထက်ပိုလျှံသော ရေပိုများ ကျော်ကျစီးဆင်းရန်အတွက် အထူးဒီဇိုင်း ပြုတည်ဆောက်ထားရသော ရေအားအဆောက်အအုံဖြစ်ပါသည်။ ထို့ကြောင့် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ကျနေခြင်းသည် ရေပိုလွှဲ၏ မဖြစ်မနေထမ်းဆောင်ရမည့် မူလတာဝန်သာဖြစ်ပြီး ထူးကဲစွာ စိုးရိမ်ရန်မလိုအပ်သော ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါ သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ရေလှောင်တမံအများစု၏ ရေပိုလွှဲများသည် ကန်ရေ ပြည့်မှတ်မရောက်ရှိမီတွင် ဖွင့်ချနိုင်သော ရေတံခါးများ တပ်ဆင်ထားခြင်းမရှိဘဲ ကန်ရေပြည့်မှတ်အထိ ရေအပြည့်သိုလှောင်၍ ထို့ထက်များပြားလာမှသာ သဘာဝအတိုင်း ကျော်ကျစီးဆင်းသွားစေရန် ဒီဇိုင်းရေးဆွဲထားကြခြင်း ဖြစ်ပါသည်။ အနည်းစုရေပိုလွှဲများရှိ ရေပိုမိုလှောင်နိုင်ရန် တပ်ဆင်ထားသည့် ဂိတ်တံခါးများကိုလည်း စီးဝင်ရေအား ချင့်ချိန်၍ စနစ်တကျတွက်ချက်ဖွင့်ပိတ်နိုင်ရန် သတ်မှတ်လုပ်ထုံးလုပ်နည်းများ ရေးဆွဲစီမံဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ချောင်းအထက်ပိုင်းတွင် မိုးများ၍ ရေပိုလွှဲမှ ရေကျော်ကျနေခြင်းသည် ဖောက်ချဖန်တီးနိုင်သော (သို့မဟုတ်) တားဆီးပိတ်ပင်နိုင်သော ဖြစ်စဉ်မျိုးမဟုတ်ဘဲ ရေပိုလွှဲ၏ သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါသည်။ ရေလှောင် တမံ/ရေပိုလွှဲများသာမရှိပါက ရေစီးဆင်းမှုသည် ပမာဏများစွာ ပိုမိုပြင်းထန်မည်ဖြစ်ပါသည်။

ရေပိုလွှဲမှ ရေကျော်ခြင်း၏ အကျိုးများ

ရေများ ရေတံခွန်ကဲ့သို့ ကျော်ကျဖြာထွက်စီးဆင်းနေသော ရေပိုလွှဲတစ်ခု၏ အလှအပသည် ရေလှောင်တမံတစ်ခု၏ အပေါ်လွင်ဆုံး၊ စိတ်ဝင်စားဖွယ် အကောင်းဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ဖွယ်ရှိပါသည်။ ရေပိုလွှဲသည် တမံကိုယ်ထည်ခိုင်ခံ့မှုအတွက် များစွာအရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ ရေပိုလွှဲမှ လုံလောက်သော ရေကျော်ကျစီးဆင်းမှုမရှိပါက သိုလှောင်ပမာဏထက်ကျော်လွန်လာသောရေများသည် တမံထိပ်မှ ကျော်ကျခြင်း (Overtopping)အား ဖြစ်စေနိုင်ပြီး တမံကိုယ်ထည်ကြံ့ခိုင်မှုကို ထိခိုက်စေမည်ဖြစ်ပါသည်။

ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် အောက်ဘက်မြစ်ချောင်းများ၏ သဘာဝအတိုင်း ရေစီးဆင်းမှုကို ဖြစ်ပေါ်စေသောကြောင့် ထိုမြစ်ချောင်းတို့၏ မူလသွင်ပြင် ပုံစံနှင့်ရေစီးဆင်းမှုအခြေအနေကို များစွာအထောက်အပံ့ပေးပါသည်။ မြစ်ချောင်းများ၏ သက်စောင့်ရေ (Enviromental Flow) ကိုလည်း ဖန်တီးပေးပါသည်။ သက်စောင့်ရေဆိုသည်မှာ မြစ်ချောင်းများအတွင်းနှင့် မြစ်ချောင်းများအနီးရှိ သစ်ပင်ပန်းမန်နှင့် ရေနေသတ္တဝါတို့၏ သဘာဝရှင်သန်နေထိုင်မှုဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံသဘာဝရေစီးဆင်းမှုဖြစ်ပါသည်။     

အခြား အကျိုးကျေးဇူးတစ်ခုမှာ ရေလှောင်တမံအထက်ပိုင်းမှ ရေနေသတ္တဝါများသည် ရေပိုလွှဲမှ ရေကျော်ကျစီးဆင်းခြင်းနှင့်အတူ ရေလှောင်တမံအောက်ဘက်မြစ်ချောင်းများအတွင်းသို့ လွတ်လပ်စွာ ပျံ့နှံ့ရောက်ရှိနေထိုင် ကြီးပြင်းနိုင်ကြခြင်းဖြစ်ပါသည်။ ငါးကဲ့သို့သော ရေနေသတ္တဝါများသည် တမံကိုယ်ထည်အောက်ခြေ ရေထုတ်ပြွန်မှ ဖြတ်သန်းနိုင်သည် ဆိုသော်လည်း တွေ့ရှိချက်များအရ တမံအောက်ခြေရေထု၏ အပူချိန်လျော့ကျမှုနှင့် အောက်ဆီဂျင်နည်းပါးစွာပါဝင်မှုကြောင့် ရေပိုလွှဲမှစီးဆင်းရေနှင့်အတူသာ ပိုမိုရွှေ့ပြောင်းသွားလာကြကြောင်း သိရှိရပါသည်။

ရေပိုလွှဲများ၏ ခိုင်ခံ့မှုအခြေအနေ

မြန်မာ့ဆည်တာတမံ တည်ဆောက်မှုသမိုင်းသည် ရှေးမြန်မာမင်းများ လက်ထက်လယ်တွင်းကိုးခရိုင်မှ အစပြု၍ ကိုလိုနီခေတ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိကာလအထိ ရှည်လျားတည်တံ့ခဲ့ပါသည်။ ရေအားအဆောက်အအုံများ တည်ဆောက်မှုနှင့် ရေအသုံးချမှု နည်းပညာများတွင်လည်း တိုးတက်ဖွံ့ဖြိုးစေရန်အစဉ်အားထုတ် ဆောင်ရွက်လျက်ရှိပါသည်။ ရှေးနှစ်များစွာကပင်စ၍ ပဲခူး-စစ်တောင်းတူးမြောင်း၊ တွံတေးတူးမြောင်းကဲ့သို့ ရေအသုံးချ သွားလာမှုလမ်းကြောင်းသစ်များ၊ မိုးဗြဲ၊ မြစ်ကျိုးနှင့် တာဝကဲ့သို့သော လှေဝင်လှေထွက်လမ်းကြောင်း (Navigation Locks)များ၊ များစွာသော ရေလှောင် တမံများကို တည်ဆောက်ထိန်းသိမ်း အသုံးပြုလျက်ရှိပါသည်။ ရေလှောင်တမံနှင့် ရေပိုလွှဲများတည်ဆောက်ရာတွင် စနစ်တကျ စူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ကျွမ်းကျင်နည်းပညာရှင်များနှင့် တွက်ချက်ဆောင်ရွက်လျက်ရှိပါသည်။

ရေလှောင်တမံနှင့် ရေပိုလွှဲများ တည်ဆောက်ရာတွင် ထိုဒေသ၏ မိုးလေဝသနှင့် ရာသီဥတုအခြေအနေ၊ ရေကြီးမှုသမိုင်းပေါ်မူတည်၍ ဇလဗေဒပညာရှင်များ တွက်ချက်ရရှိသော ဒီဇိုင်းရေထုစီးနှုန်းအချက်အလက်များ၊ အောက်ခံမြေအမျိုးအစားများ၊ ငလျင်ပြင်းအား စသည့်အချက်အလက်များကို စုစည်း၍ ခေတ်မီနည်းပညာဆော့ဖ်ဝဲများ အသုံးပြုတွက်ချက် တည်ဆောက်ထားကြပါသည်။

ရေပိုလွှဲမှ ရေကျော်ခြင်းကို သတိပေးမှုများ

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် အလံအစိမ်းရောင်၊ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ပါက အလံအဝါရောင်၊ ဒီဇိုင်းရေထုစီးနှုန်း အထက်ရေကျော်ပါက အလံအနီရောင်စသည်ဖြင့် ရေပိုလွှဲထိပ်နှင့် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အလံစိုက်ထူ၍ အများပြည်သူများအား သိရှိရန် အသိပေးလေ့ရှိပါသည်။ ဤသို့ အလံများစိုက်ထူရာတွင် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်း အထက်အထိ ရေကျော်ကျလာခြင်းသည်သာ စောင့်ကြည့်ရမည့် စိုးရိမ်သင့်သော အခြေအနေဖြစ်ပြီး ကျန်အခြေအနေများတွင် ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် များစွာစိုးရိမ်ဖွယ်အခြေအနေမဟုတ်ပါ။ ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော်ကျလာသည့် အခြေအနေတွင်မူ မိမိဒေသ၏ လက်တွေ့ဖြစ်ပေါ်နေသော ရေဘေး အန္တရာယ်နှင့်လိုက်လျောညီထွေသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ အချိန်မီဆောင်ရွက်ရမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့ရေလှောင်တမံများ၌ ထူးကဲမိုးများ ရွာသွန်းသောကြောင့် ဒီဇိုင်းရေထုစီးနှုန်းထက် ရေများစွာကျော်ကျခဲ့သော ဖြစ်စဉ်များတွင်မူ ရေပိုလွှဲများသည် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပါသည်။

ထို့ကြောင့် အချုပ်အားဖြင့် ရေပိုလွှဲဟူသည်မှာ ရေများကျော်ကျရန် တကူးတက ဒီဇိုင်းရေးဆွဲတည်ဆောက်ထားရသည့် ရေအားအဆောက်အအုံဖြစ်၍ ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် ၎င်း၏ မူလတာဝန်ကို ရိုးစင်းစွာထမ်းဆောင်နေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ရေတံခွန်ကဲ့သို့ ရေများဖြာကျစီးဆင်းနေသော ရေပိုလွှဲများတွေ့ရှိပါက စိုးရိမ်စရာအခြေအနေဟု မယူဆသင့်ပါကြောင်း၊ ရေကျော်ကျနေသော ရေပိုလွှဲများသည် ရေလှောင်တမံခိုင်ခံ့မှုနှင့် သဘာဝပတ်ဝန်းကျင်အတွက် သွယ်ဝိုက်အကျိုးပြုလျက် ရှိနေပါကြောင်းနှင့် ရေပိုလွှဲများသည် တောင်ဖျားဆီမှ မိုးညို့ညို့အား တတ်စွမ်းသမျှ အန်တုခုခံလျက်ရှိပါကြောင်း သိရှိသမျှ မျှဝေရေးသားအပ်ပါသည်။ ။

ကိုးကား -      ဆည်မြောင်း ဦးစီးဌာနမှ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁ ရက် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည့် ဆရာဘုန်းတင်လှိုင်ရေးသားသော “ရေပိုလွှဲဆိုသည်မှာ..” ဆောင်းပါး