အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ရေသောက်စနစ်များ ရာသီချိန်မီ အသုံးပြုနိုင်ရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရာဂီမုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုတွင် ထိခိုက်ပျက်စီးခဲ့သော ဆည်တမံရေပေးမြောင်း၊ ရေသောက်မြောင်းများ၊ မြစ်ရေတင်လုပ်ငန်းများ၊ ဆိုလာစနစ်မြေအောက် ရေတင်လုပ်ငန်းများ အချိန်မီပြန်လည်အသုံးပြုနိုင်ရေးအတွက် ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ မိုးစပါးစိုက်ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနက သက်တမ်းတို စပါးမျိုးများပျိုးထောင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးစပါးထိခိုက်ပျက်စီးခဲ့သည့် လုပ်ကွက်ငယ်တောင်သူများ ရာသီအချိန်မီပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် သက်တမ်းတိုရက် (၉၀)မျိုးစပါးများ၊ အသင့်ပျိုးထောင်ပြီး ပျိုးပင်များထောက်ပံ့ပေးနိုင်ရေး၊ မိုးစပါးပြန်လည်စိုက်ပျိုးခြင်းအတွက် စက်မှုလယ်ယာဦးစီးဌာနက ထွန်ယက်ပေးရေး၊ ကောက်စိုက်စက် အသုံးပြုစိုက်ပျိုးနိုင်ရေးနှင့် လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ညှိနှိုင်းပေါင်းစပ်

ထို့နောက် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာရှိ ဆင်သေရေတင်စက်ရုံ ပြန်လည်ပြုပြင် အသုံးပြုနိုင်ရေးနှင့် လက်ယာ(၁)မြောင်းမကြီး ပြုပြင်နေမှုကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များရှိ ရေဆင်းဆည်ရေသောက်မြောင်းများ ပြုပြင်နေမှုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ်ရှိ ဆိုလာစနစ်မြေအောက်ရေတင်စက်များ ပြန်လည်အသုံးပြုနိုင်ရန် မွမ်းမံပြင်ဆင်မှုလုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့အတူ မိတ္ထီလာလွင်ပြင်ရှိ ဆည်တမံများရေသောက်စနစ်များ ထိခိုက်ပျက်စီးမှုကို အမြန်ဆုံးပြုပြင်အသုံးပြုနိုင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်ရှိ မင်းသားကြီးကန် မြေသားပေါင် ထိခိုက်ပျက်စီးခဲ့မှုကိုလည်းကောင်း၊ သာစည်မြို့နယ်ရှိ စမုံရေထိန်းတမံတွင် ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုများကို စက်ယန္တရားများအသုံးပြု၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း စစ်ဆေးပြီး စနစ်တကျပြန်လည်ပြုပြင်စီမံ၍ ရာသီချိန်အမီ ရေသိုလှောင်နိုင်ရေးနှင့် မူလရေသောက်ဧရိယာ (၂၁၆) ဧကကို စိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ပုံမှန်ရေပေးဝေနိုင်ရေး

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်သားမြို့နယ်ရှိ ကင်းတားလက်ဝဲမြောင်းမကြီး ရေငုတ်ပြွန်နှင့် စမုံရာဘာတမံရေကျော်၍ ထိခိုက်ပျက်စီးခဲ့မှုအခြေနေများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ရမည့်လုပ်ငန်းစဉ်များ၊ ရေသောက်စနစ်အတွင်း ပုံမှန်ရေပေးဝေနိုင်ရေးအတွက် ရေတင်ပန့် တပ်ဆင်အသုံးပြုနိုင်ရေး နည်းလမ်းများ ရှာဖွေဖော်ထုတ်ဆောင်ရွက်ရန်၊ ကြီးမားသော ထိခိုက်မှုမရှိခဲ့သည့် ဇော်ဂျီရေသောက်၊ ကင်းတားရေသောက်စနစ်များတွင် စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းကြိုးပမ်းကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး သီးနှံထိခိုက်ပျက်စီးမှုများအား ပြန်လည်ကုစားနိုင်မည့် နည်းလမ်းများနှင့် လိုအပ်သည့်အကူအညီများကို သက်ဆိုင်ရာဌာနများမှ ချိတ်ဆက်ရယူပြီး ဒေသ၏ လယ်ယာကုန်ထုတ်စွမ်းအား ကျဆင်းမသွားစေရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။