အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကျီးနီကန် ဆည်ရေသောက်စနစ် ပြုပြင်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျီးနီကန်ဆည်ရေသောက်စနစ် ရေပေးတူးမြောင်းအချို့ ‌ရေတိုက်စားသဖြင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားကြီးများအသုံးပြု၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ တမံနှင့် ရေတံခါးကြံ့ခိုင်မှု၊ အရန်ရေပိုလွှဲနေရာကို ယာယီဆောင်ရွက်ထားရှိမှုနှင့် ရေလှောင်ကန်အတွင်း သဲနုန်းပို့ချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ထိခိုက်ပျက်စီးခဲ့သည့် တူးမြောင်းအပိုင်းများကို မိုးစပါးစိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်၊ နွေစပါးနှင့် နွေသီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေပိုမိုသိုလှောင်နိုင်ရေး စီမံထားရှိရန်၊ စိုက်ပျိုးရေပေးဝေရာတွင် အလေအလွင့်နည်းပါးစွာဖြင့် ရေထိန်းညှိ၍ စနစ်တကျစီမံခန့်ခွဲရန်၊ ရေလှောင်ကန်အထက်ပိုင်းရှိ နုန်းတားနှစ်ခုကို ပြန်လည်စစ်ဆေးရန်၊ ရေလှောင်ကန်အတွင်း သဲနုန်းတူးဖော်နိုင်ရေးတွက်ချက်တင်ပြရန် ဆွေးနွေးမှာကြားခဲ့သည်။

ရာဂီမုန်တိုင်းဖြစ်စဉ်ကြောင့် စက်တင်ဘာ ဒုတိယပတ်တွင် ကျီးနီကန်သို့ဝင်ရေ ဧကပေ ၂၆၀၀၀ ခန့် ရုတ်တရက်ဝင်ရောက်ခဲ့သော်လည်း ကန်သိုလှောင်နိုင်သည့် ပမာဏထက်ပိုလျှံရေများကို ပင်မရေပိုလွှဲ၊ ရေတံခါးတပ်သဲထုတ်ရေတံခါးနှင့် အရန်ရေပိုလွှဲတို့မှ ဧကပေ ၁၈၇၀၀ ခန့် ပုံမှန်အတိုင်း စီးဆင်းစေနိုင်ရေးကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အချိန်မီစီမံဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းရှိ ငါးမွေးကန်အချို့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေနုတ်မြောင်းပြန်လည်တူးဖော်နေမှုနှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေဆင်းဆည်ရေသောက်စနစ် ‌ရေပေးတူးမြောင်းအချို့ ရေတိုက်စားမှုဖြစ်ပေါ်သဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားကြီးများအသုံးပြု၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။